Tuesday, September 1, 2020

နိုင်ငံဝန်ထမ်း(အမြဲတမ်း)များကို လစာ-၂ လစာ အတိုးမဲ့ချေးငွေထုတ်ချေးမည်ဖြစ်ပြီး တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များလည်း အကျုံးဝင်ကြောင်းသိရ

လာမည့် ၂ဝ၂ဝ-၂၁ ဘဏ္ဍာရေးနှစ်တွင် အမြဲတမ်းနိုင်ငံ့ဝန်ထမ်းများကို လစာ ၂ လစာအတိုးမဲ့ ထုတ်ချေးသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။
COVID-19 ကူးစက်မြန်ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် ချေးငွေများထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
''ကိုဗစ်ကာလအတွက် နိုင်ငံ့ဝန်ထမ်းတွေကို လစာနှစ်လစာကြိုတင်ထုတ် ချေးပေးမယ်ဆိုတာ ဟုတ်ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အမြဲတမ်းနိုင်ငံ့ဝန်ထမ်းကတော့ တသန်းနီးပါး လောက်တော့ရှိတယ်ပေါ့။ ခန့်မှန်းခြေပေါ့။ အတိအကျကတော့ ဌာနဆိုင်ရာတွေကနေ စာရင်းတွေတက်လာမှာပါ''ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဦးဝင်းထိုက်က ပြောကြားခဲ့သည်။
အဆိုပါချေးငွေများကို နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များအတွက် ထုတ်ချေးပေးမည်ဖြစ်သည့်အတွက် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များလည်း အကျုံးဝင်ကြောင်း လက်ရှိအချိန်တွင် နိုင်ငံဝန်ထမ်းများ၏ စာရင်းကို သက်ဆိုင်ရာဌာနများက စာရင်းပြုစုနေကြောင်း၊ အတိုးမဲ့ချေးငွေအဖြင့် ဆိုင်းငံကာလ ၆ လ၊ ပြန်ဆပ် ကာလတနှစ်သတ်မှတ်၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
အမြဲတမ်းနိုင်ငံ့ဝန်ထမ်းများ၏ ရာထူးအလိုက် ဦးရေနှင့် အမှန်လိုအပ်ငွေစာရင်းကို ပြည်ထောင်စု အဆင့်ဌာန၊ အဖွဲ့အစည်းများသည် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန (ရုံးချုပ်) သို့လည်းကောင်း၊ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာနအသီးသီးသို့လည်းကောင်း စက်တင်ဘာ ၄ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့သွားရမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနအသီးသီးအနေဖြင့်လည်း အဆိုပါ အမြဲတမ်းနိုင်ငံ့ ဝန်ထမ်းစာရင်းများကို စုစည်းပေါင်းချုပ်ကာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူ၍ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန(ရုံးချုပ်)သို့ စက်တင်ဘာ ၁၁ ရက် အရောက်ပေးပို့ရမည်ဖြစ်ကာ အဆိုပါအမှန်တကယ် လိုအပ်ငွေများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များအလိုက် ၂ဝ၂ဝ-၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သောကြွေးမြီ၊ အပ်ငွေ၊ ယာယီ စသည်များစာရင်းတွင် လျာထားပေးသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။
ထိုကဲ့သို့ ဆောင်ရွက်မှုသည် နိုင်ငံဝန်ထမ်းများ၏ မဲကို NLD အစိုးရမှ လိုချင်သောကြောင့် နိုင်ငံဘဏ္ဍာငွေဖြင့် မက်လုံးပေးခြင်းဖြစ်ကြောင်း နိုင်ငံရေးပါတီအချို့က ပြောဆိုဝေဖန်မှုများရှိနေကြောင်း သိရသည်။

0 comments:

Post a Comment