အင်ဒိုနီးရှားနိုင်ငံ၌ ပိုမိုကူးစက်မြန်သော်လည်း ပြင်းထန်ခြင်းမရှိသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇပြောင်းတစ်မျိုးကို လေ့လာတွေ့ရှိခဲ့ကြောင်း ဂျကာတာအခြေစိုက် အိုင်ခ်မန်းမော်လီကျူးလားဇီဝဗေဒအင်စတီကျုက သြဂုတ် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အင်ဒိုနီးရှား၌ သြဂုတ် ၃၀ ရက်တွင် COVID-19 ကူးစက်သူသစ် ၂၈၅၈ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာ နက ထုတ်ပြန်ခဲ့သည်။ သြဂုတ် ၂၉ ရက်တွင် ကူးစက်သူသစ် ၃၃၀၈ ဦးရှိခဲ့သည်။ အင်ဒိုနီးရှား၌ COVID-19 ကူးစက်သူ ၁၇၂၀၅၃ ဦးနှင့် သေဆုံးသူ ၇၃၄၃ ဦးရှိနေပြီဖြစ်သည်။
အင်စတီကျုက စုဆောင်းထားသည့် ဗိုင်းရပ်စ်နမူနာများ၏ မျိုးဗီဇအစဉ်တန်းသတင်းအချက်အလက်များအရ ကူးစက်မြန်သော်လည်း ပြင်းထန်ခြင်းမရှိသည့် D614G ဗီဇပြောင်းဗိုင်းရပ်စ်ကို တွေ့ရှိရကြောင်း အင်စတီကျုဒုတိယအကြီးအကဲ ဟီရာဝတီ ဆူဒိုယိုက ပြောဆိုခဲ့သည်။
အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်ကို ဖေဖော်ဝါရီတွင် တွေ့ရှိခဲ့ပြီး ဥရောပနှင့် အမေရိကတို့တွင် ပျံ့နှံ့နေခဲ့သလို အိမ်နီးချင်း စင်ကာပူနှင့် မလေးရှားတို့တွင်လည်း တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြော ဆိုထားပြီးဖြစ်သည်။
အင်ဒိုနီးရှား၌ ယခုနှစ်အကုန်တွင် ကူးစက်သူ ၅၀၀၀၀၀ အထိရှိလာနိုင်သောကြောင့် နိုင်ငံသားများအနေဖြင့် သတိထားသွားလာနေထိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားတက္ကသိုလ်မှ ရောဂါဗေဒပညာရှင် ဆယာရီဇယ် ဆယာရစ်ကပြောဆိုခဲ့သည်။
ပြည်တွင်းကူးစက်မှုအခြေအနေသည် ထိန်းချုပ်နိုင်ခြင်းမရှိတော့ကြောင်း၊ ဓာတ်ခွဲခန်းများသည် တစ်ရက်လျှင်စစ်ဆေးနိုင်စွမ်းကို တိုးမြှင့်နိုင်မည်ဆိုပါက ကူးစက်သူဦးရေ ပိုမိုများပြားစွာ တွေ့ရှိရမည်ဖြစ်ကြောင်း ဆယာရစ်ကပြောဆိုခဲ့သည်။
မြို့တော် ဂျကာတာ၌ သြဂုတ် ၃၀ ရက်တွင် ကူးစက်သူသစ် ၁၀၀၀ ကျော်ရှိခဲ့ပြီး ယင်းသည် သြဂုတ်လလယ်တွင်ရှိခဲ့သည့် လွတ်လပ်ရေးနေ့အခမ်းအနားများနှင့်ဆက်စပ်နေကြောင်း အာဏာပိုင်များကပြောဆိုခဲ့သည်။
Ref ; The Myanmar Times
0 comments:
Post a Comment