Thursday, September 3, 2020

နိုင်ငံတော် သမ္မတရုံး အမိန့်ဖြင့် ဝန်ကြီးချုပ်ရာထူးတာဝန် ရပ်စဲခံလိုက်ရသော ဦးအယ်လ်ဖောင်းရှိုမှ မိဘ၊ ပြည်သူများသို့ မေတ္တာရပ်ခံစာရေးသား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၃ ၊ ပုဒ်မခွဲ (၅) ပုဒ်မခွဲ ငယ်(၂) ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၈၀ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ ဥပဒေပုဒ်မ ၅၅ တို့ပါ ပြဋ္ဌာန်းချက်များအရ ကယား ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို တာဝန်မှရပ်စဲကြောင်း (၃.၉.၂၀၂၀)ရက်စွဲပါ အမိန့်အမှတ် (၂၄/၂၀၂၀)ဖြင့် ထုတ်ပြန်ဆောင်ရွက် ခဲ့ပြီးဖြစ်ပါသည်။
တာဝန်မှရပ်စဲပြီးဖြစ်သဖြင့် ပြည်နယ်ဝန်ကြီးချုပ်၏ လုပ်ငန်းတာဝန်များ၊ ထမ်းဆောင်နိုင်ရေး အတွက် ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး၊ ဦးဘော့စ်ကိုအား ခေတ္တဝန်ကြီးချုပ် တာဝန်ကို ပူးတွဲပေးအပ်ကြောင်း (၃.၉.၂၀၂၀)ရက်စွဲပါ စာအမှတ်၊ ၁၁၈ (၁) / ၈ / သမ္မတရုံး ဖြင့်အကြောင်းကြား လာပါသည်။
ဒါကြောင့် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်နှင့်အညီ ကယားပြည်နယ်အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ်၏ လုပ်ငန်း တာဝန်များအား ကယားပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးဘော့စ်ကိုထံသို့ (၃.၉.၂၀၂၀)ရက်နေ့ (၁၅:၀၀)နာရီ အချိန်မှစ၍ လွှဲပြောင်း/လက်ခံ ဆောင်ရွက်ခဲ့ပါသည်။
ဒီနေ့မှာ ဒီလိုအခြေအနေဖြစ်လာတဲ့အပေါ်မှာလည်း ကျွန်တော့်အနေနဲ့ အားလုံးအပေါ်နားလည်ပါတယ်။
ကျွန်တော့်ကိုချစ်တဲ့သူတွေက ဝမ်းနည်းကြသလို၊ မုန်းသူ များကလည်း လက်ခုပ်သြဘာပေးနေကြမှာပါ။ သို့ပေမဲ့ ကျွန်တော့်အနေနဲ့ အထက်အကြီး အကဲအားလုံးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ကျေနပ်ပါတယ်။
ကျွန်တော့်ကို ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် အဖြစ် တာဝန်ပေးအပ်ခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ မှစ၍ ယနေ့ အချိန်အထိ ကျွန်တော်ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်ကြိုးပမ်းခဲ့တယ် ဆိုတာ ရဲရဲကြီးအာမခံပါတယ်။
ဒီကာလတစ်လျှောက် ကျွန်တော့်ကို ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းဆောင် ရွက်ပေးခဲ့ကြတဲ့ အစိုးရအဖွဲ့ဝင် များ၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
ကျွန်တော်တို့ကယားပြည်နယ်ကြီးလည်း မည်သူက အုပ်ချုပ်ရေးကဏ္ဍကို တာဝန်ယူသည်ဖြစ်စေ ပြည်နယ် အတွင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာ ရေး၊ ပညာရေး၊ ကျန်းမာရေး သာမက ဒေသဖွံ့ဖြိုး တိုးတက်ရေးများကို ယခုထက်ပိုမိုဆောင်ရွက်နိုင်ပါစေ။
ကယားပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်တွေ ရပ်တန့်မသွားဘဲ ဆက်လက်ဖွံ့ဖြိုးတိုးတက်ပါစေ။ မြန်မာ နိုင်ငံ တစ်နိုင်ငံလုံးမှာ COVID 19 ကပ်ရောဂါမှကင်းစင် သော နယ်မြေအဖြစ် အသိအမှတ်ပြုထားသော ကျွန်တော်တို့ ကယားပြည်နယ်လေး ဆက်လက်ဖြူစင်ဖို့ ဝန်းရံပေးကြပါလို့ ‌တိုက်တွန်းပါရစေ။
ကယားပြည်နယ်သာမကမြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင် ကြသည့် တိုင်းရင်းသားများအားလုံး ကျန်းမာ ချမ်းသာ၍ ကပ်ရောဂါဆိုးအမျိုးမျိုးမှ ကင်းဝေးကြပါစေ လို့ ဆုမွန်တောင်းအပ်ပါတယ်... ဆိုပြီး သူံရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာရေးသားလာကြောင်း တွေ့ရှိရပါတယ်။

0 comments:

Post a Comment