Wednesday, September 9, 2020

COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်မှု ရှိခဲ့သဖြင့် မန္တလေးတိုင်းအတွင်းရှိ တရားရုံး(၄)ရုံးမှ တရားသူကြီးများ အပါအဝင် တရားရေး ဝန်ထမ်း(၁၇)ဦး Q ဝင်နေရ

ယခု ရက်ပိုင်းအတွင်း COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်မှု ရှိခဲ့သဖြင့် မန္တလေးတိုင်းအတွင်းရှိ ခရိုင်နှင့် မြို့နယ်တရားရုံး လေးရုံးမှ တရားသူကြီးများ အပါအဝင် တရားရေးဝန်ထမ်း (၁၇)ဦးသည် Quarantine (အသွားအလာ ကန့်သတ်စောင့်ကြည့်) နေထိုင်လျှက်ရှိကာ ရောဂါပိုး ကူးစက်ခံရမှု ရှိ၊မရှိ စစ်ဆေးမှု ခံယူနေကြောင်း တိုင်းဒေသကြီး တရားလွှတ်တော်၊ သတင်းနှင့် ပြန်ကြားရေး အရာရှိ ဒေါ်စန်းသီရိရွှေ က ပြောသည်။
ကျောက်ဆည်ခရိုင်တရားရုံးမှ ရုံးဝန်ထမ်း နှစ်ဦး၊ နွားထိုးကြီးမြို့နယ် တရားရုံးမှ တရားသူကြီး တစ်ဦးနှင့် ရုံးဝန်ထမ်း ကိုးဦး၊ ချမ်းမြသာစည်မြို့နယ် တရားရုံးမှ တရားသူကြီး တစ်ဦး နှင့် ရုံးဝန်ထမ်း နှစ်ဦးတို့ Quarantine ဝင်နေရခြင်း ဖြစ်သည်ဟု သိရသည်။
ကျောက်ဆည်ခရိုင် တရားရုံး၊ နွားထိုးကြီးမြို့နယ် တရားရုံးနှင့် ချမ်းမြသာစည်မြို့နယ် တရားရုံးတို့မှ တရားသူကြီး နှစ်ဦးနှင့် တရားရေး ဝန်ထမ်း (၁၃)ဦးတို့သည် Facility Quarantine (သတ်မှတ်နေရာ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း) ဝင်ရောက်လျက်ရှိပြီး မြင်းခြံမြို့နယ် တရားရုံး မှ တရားသူကြီး တစ်ဦးနှင့် ရုံးဝန်ဝန်ထမ်း တစ်ဦးတို့သည် Home Quarantine (နေအိမ်၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း) နေထိုင်လျှက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၊ သတင်းနှင့် ပြန်ကြားရေးအရာရှိ ဒေါ်စန်းသီရိရွှေက ရှင်းပြခဲ့သည်။
ထိုသို့ တရားသူကြီးနှင့် တရားရုံးဝန်ထမ်းအချို့ Quarantine ဝင်နေရသော်လည်း တရားရုံးများ ပိတ်ထားခြင်း မရှိဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အမှုစစ်ဆေး စီရင်ခြင်းများ ဆက်လက်ဆောင်ရွက်နေသည်ဟု ၎င်းက ပြောသည်။
“ကျမ်းကျိန် ကိစ္စမှာ မှန်ကောင်တာ ခြားပြီး ဆောင်ရွက်စေပါတယ်၊ အမှုစစ်ဆေးတဲ့ ကိစ္စတွေမှာလည်း တရားရုံး ဝန်ထမ်းအားလုံး နဲ့ တရားရုံး လာရောက်သူအားလုံးကို Mask တွေ၊ တရားခွင်မှာ ဟန်းဂျယ်တွေ ထားရှိပြီး တရားစီရင်ရေး လုပ်ငန်းလုပ်တယ်၊ တစ်ဦးနဲ့ တစ်ဦး ခြောက်ပေခွာပြီး လူဦးရေ ကန့်သတ်ချက်နဲ့ ဝင်ရောက်စေပြီး အမှုစစ်ဆေးတဲ့ ကိစ္စတွေ ဆောင်ရွက်စေပါတယ်။ တရားရုံးတွေကို ပိတ်ထားခြင်း မရှိပဲ ကျန်းမာရေး ဝန်ကြီးဌာန လမ်းညွှန်မှုတွေနဲ့ ညွှန်ကြားချက်တွေနဲ့ အညီ ရုံးဖွင့်ရက်တွေမှာ လုပ်ငန်းဆောင်ရွက်နေပါတယ်၊” ဟု ဒေါ်စန်းသိရိရွှေက ပြောသည်။
ကျောက်ဆည်ခရိုင်တရားရုံးမှ ရုံးဝန်ထမ်း နှစ်ဦး၊ နွားထိုးကြီးမြို့နယ် တရားရုံးမှ တရားသူကြီး တစ်ဦးနှင့် ရုံးဝန်ထမ်း ရုံးဝန်ထမ်း ကိုးဦး၊ ချမ်းမြသာစည်မြို့နယ် တရားရုံးမှ တရားသူကြီး တစ်ဦးနှင့် ရုံးဝန်ထမ်း နှစ်ဦးတို့သည် မြင်းခြံမြို့မှ COVID-19 အတည်ပြုလူနာ အမှတ် (၁၄၇၄) ရှေ့နေ အမျိုးသားနှင့် ထိတွေ့မှု ရှိခဲ့သဖြင့် Facillity Quarantine ဝင်ရောက်နေကြရခြင်း ဖြစ်သည်။
မြင်းခြံမြို့နယ် တရားရုံးမှ တရားသူကြီး တစ်ဦး နှင့် ရုံးဝန်ထမ်း တစ်ဦးတို့သည် မြင်းခြံမြို့မှ ပထမဆုံသော COVID-19 အတည်ပြု လူနာ (၇၈၈) နှင့် ထိစပ်မှု ရှိခဲ့သူတစ်ဦးကို သက်သေအဖြစ် ခေါ်ယူစစ်ဆေးခဲ့သည့်အတွက် နေအိမ်၌ Home Quarantine ဝင်ရောက်နေခြင်း ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ မြင်းခြံမြို့နယ် တရားရုံးသို့ သက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့သူကို စက်တင်ဘာ(၆)ရက်က ပထမအကြိမ် ဓာတ်ခွဲနမူနာ စစ်ဆေးခဲ့ရာတွင်မူ ရောဂါပိုး မတွေ့ရှိ (Negative) အဖြေထွက်ကြောင်း သတင်းရရှိသည်။
ယနေ့ စက်တင်ဘာ(၉)ရက် နေ့လည်ပိုင်းအထိ မြန်မာနိုင်ငံတွင် COVID -19 ဓါတ်ခွဲ အတည်ပြု လူနာ (၁၈၀၇) ဦး ရှိပြီး သေဆုံးသူ ၁၂ ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ အတည်ပြုလူနာများအနက် မြင်းခြံဆေးရုံ၌ တက်ရောက်ကုသနေသည့် COVID-19 အတည်ပြုလူနာ (၄၂)ဦးရှိသည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

0 comments:

Post a Comment