Wednesday, September 9, 2020

ကျောက်မဲမြို့ ဟိုင်းဝေးတိုးဂိတ်အနီးရှိ တည်းခိုခန်းတစ်ခုမှ မန်နေဂျာလင်မယား ၂ ဦးအသတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှ လားရှိုးမြို့ဘက်အထွက် ပန်ပေါင်းကျေးရွာ၊ အိုရီယင်တယ်ဟိုင်းဝေးတိုးဂိတ်အနီးတွင်ရှိသော နီလွင်တည်းခိုခန်းမှ မန်နေဂျာလင်မယားသည် စက်တင်ဘာ ၈ ရက်နေ့ညက ၂ လောင်းပြိုင်အသတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
အသတ်ခံရသူ ၂ ဦးမှာ တည်းခိုခန်း၏ မန်နေဂျာ အသက် ၅၆ နှစ်အရွယ် ဦးတင်မောင်အေး၊ နှင့် ဇနီးဖြစ်သူ အသက် ၅၅ နှစ်အရွယ် ဒေါ်ခင်ဝင်းတို့ ဖြစ်သည်။
ဦးတင်မောင်အေး မှာ လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်ပြီး ဒေါ်ခင်ဝင်းမှာ ဝမ်းဗိုက်ဝဲဘက် ထိုးသွင်းဒဏ်ရာ ၂ ချက်ဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။
အခင်းဖြစ်နေရာနှင့် သက်သေများကို စစ်ဆေးတွေ့ရှိချက်အရ အခင်းဖြစ်နေရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားထားသည့် အခြေအနေမတွေ့ရှိခြင်း၊ တည်းခိုခန်း၏ မှတ်တမ်းစာအုပ်လည်း ပျောက်ဆုံးနေကြောင်း ၊ ယင်းအပြင် မန်နေဂျာ၏ဇနီးဖြစ်သူ ဒေါ်ခင်ဝင်း ဝတ်ဆင်ထားသော လက်ဝတ်လက်စားရွှေထည်များအားလုံး ပျောက်ဆုံးနေသည်ကိုလည်း တွေ့ရှိရကြောင်း အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ သိရသည်။
ယင်းအတွက် လက်တလောတွင် လူသတ်ပြီး ပစ္စည်းလုယက်သွားမှုအဖြစ် ကောက်ချက်ချထားကြောင်းလည်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ ၂ လောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍ ကျောက်မဲမြို့မရဲစခန်းတွင် (ပ) ၈၆/၂၀၂၀၊ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

0 comments:

Post a Comment