Sunday, September 6, 2020

သာစည်ပိုးတွေ့လူနာ အင်းစိန်တွင် ၁ လကျော်ကြာ ဖုန်းပြင်သင်တန်း တက်ရောက်ခဲ့

မန္တလေးတိုင်း၊ သာစည်မြို့ အမှတ် ၄ ရပ်ကွက်က ပိုးတွေ့လူနာဟာ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က ဖုန်းပြင်ဆိုင်တခုမှာ ၁ လကျော်ကြာ ဖုန်းပြင်သင်တန်းတက်ရောက်ခဲ့သူဖြစ်ပြီး ထိတွေ့ခဲ့သူ အယောက် ၂၀ ကျော်ကို သာစည်ဆေးရုံမှာ Quarantine ထားရှိထားတယ်လို့ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၆ ရက်ည ၈ နာရီ ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့ဦးရေ ၁၀၀ ထဲမှာ သာစည်မြို့က ၁ ဦးပါဝင်လာတာပါ။
သာစည်မြို့က ကိုဗစ်ပိုးတွေ့လူနာဟာ ရန်ကုန်၊ အင်းစိန် ကြို့ကုန်းမီးပွိုင့်အနီးက ဖုန်းပြင်ဆိုင်တခုမှာ ဇူလိူင် ၁၈ ရက်နေ့ကနေ သြဂုတ် ၂၆ ရက်နေ့အထိ ဖုန်းပြင်သင်တန်း တက်ရောက်ခဲ့သူတဦး ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသန်းစိုးက “ကိုဗစ်ရောဂါပိုး တွေ့တာ ကျနော်နေတဲ့ ရပ်ကွက်ထဲကပါပဲ။ ရန်ကုန်မှာ ဖုန်းပြင်သင်တန်း တက်ပြီးပြန်လာသူပါ။ ပြန်ရောက်တော့ အဲကလေးက ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီ သတင်းပို့ပြီး Home quarantine နေနေတာပါ” လို့ ပြောပါတယ်။
ပရဟိတအကျိုးဆောင်ကိုထွန်းထွန်းလင်းက “သာစည် အမှတ် ၄ ရပ်ကွက်မှာ ကိုဗစ်ရောဂါပိုး ဖြစ်ပွားသူ တွေ့ပါတယ်။ မြို့နယ် ကိုဗစ်ကော်မတီနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဌာနဆိုင်ရာတွေ ပရဟိတအဖွဲ့တွေ ပူး ပေါင်းပြီး ကူညီလုပ်ဆောင်ပေးနေပါတယ်၊ ပိုးတွေ့သူနဲ့ ဆက်စပ်သူ ၂၀ ကျော်ကိုတော့ သာစည်ဆေးရုံ Quarantine စင်တာမှာ ထားပါတယ်” လို့ ပြောပါတယ်။
Ref ; DVB

0 comments:

Post a Comment