Thursday, September 10, 2020

တရုတ်၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဘရာဇီးက ယခုနှစ်အတွင်း စတင်အသုံးပြုနိုင်ဖွယ်ရှိ

တရုတ်၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဘရာဇီးတွင် လက်တွေ့စမ်းသပ်မှုများ ဆောင်ရွက်ခဲ့ရာ ရလဒ်များ အလွန်ကောင်းမွန်ခဲ့သဖြင့် ကာကွယ်ဆေးထိုးနှံမှုကို အစောဆုံး ယခုနှစ် ဒီဇင်ဘာတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း ဆော်ပေါ်လိုပြည်နယ်အုပ်ချုပ်ရေးမှူးက စက်တင်ဘာ ၁၀ တွင် ပြောကြားခဲ့သည်။
ဆော်ပေါ်လိုသည် ဘရာဇီးတွင် ကိုရိုနာဗိုင်းရပ်စ်ဗဟိုချက်ဖြစ်ပြီး တရုတ်ဆေးကုမ္ပဏီ Sinovac က ထုတ် လုပ်သော CoronaVac ကာကွယ်ဆေးကို စမ်းသပ်မှုအတွက် ပါဝင်ကူညီနေသော ပြည်နယ်ခြောက်ခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။
Sinovac ၏ ကာကွယ်ဆေးသည် စမ်းသပ်အထိုးခံသူများအနက် အသက် ၆၀ ကျော်သူများ၏ ၉၈ ရာခိုင် နှုန်းတွင် ခုခံအားတုံ့ပြန်မှုကို ထုတ်လုပ်ပေးခဲ့ပြီး ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားမရှိခဲ့ဟု ဆော်ပေါ်လိုအုပ်ချုပ်ရေးမှူး ဂျာအော်ဒိုရီရာက ပြောကြားခဲ့သည်။
“ရလဒ်တွေက အရမ်းကောင်းနေပါတယ်။ ဆော်ပေါ်လိုနဲ့ ဘရာဇီးနိုင်ငံတစ်ဝန်းမှာ CoronaVac ကာကွယ် ဆေးကို မကြာခင်ထိုးနှံပေးပါမယ်” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Sinovac သည် ကာကွယ်ဆေးကို အဆင့် (၃) စမ်းသပ်မှုဆောင်ရွက်ရန် ဘရာဇီး ပြည်သူ့ကျန်းမာရေးသု‌တေသနစင်တာ Butantan Institute နှင့် ပူးပေါင်းပြီး ဆောင်ရွက်နေသည်။ ထိုအဆင့်ပြီးပါက ကာကွယ်ဆေးကို ခွင့်ပြုချက်ရယူရန်သာ ကျန်‌တော့မည်ဖြစ်သည်။
တရုတ်နှင့် သဘောတူညီချက်အရ Butantan Institute သည် ကာကွယ်ဆေး သန်း ၁၂၀ ကို ထုတ်လုပ်ခွင့်ရမည်ဖြစ်သည်။ သို့သော်လည်း ဘရာဇီးတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသည် နိုင်ငံရေးတိုက်ပွဲတွင်း ပိတ်မိနေသည်။
တရုတ်နှင့် ဆက်ဆံရေးတင်းမာသော သမ္မတဂျိုင်ရာဘော်ဆွန်နာရိုက တရုတ်ကာကွယ်ဆေးကို ဝေဖန်ထားပြီး တရုတ်ကာကွယ်ဆေးကိုထောက်ခံခဲ့သော အဓိကအတိုက်အခံ ဒိုရီရာကို ရှုတ်ချခဲ့သည်။
လက်ယာစွန်းသမ္မတ ဘော်ဆွန်နာရိုက အောက်စ်ဖို့စ်တက္ကသိုလ်နှင့် AstraZeneca တို့ ပူးတွဲထုတ်လုပ်သော ကာကွယ်ဆေးအတွက် ဒေါ်လာ သန်း ၃၆၀ သုံးစွဲရန်ချထားပေးသည်။ AstraZeneca ၏ ကာကွယ်ဆေးကိုလည်း ဘရာဇီးတွင် တစ်စိတ်တစ်ပိုင်းစမ်းသပ်နေပြီး စေတနာ့ဝန်ထမ်း ဆေးထိုးခံသူတစ်ဦးတွင် ပြင်းထန်သော ဓာတ်မတည့်မှုဖြစ်ပွားခဲ့သဖြင့် ယင်းဆေးစမ်းသပ်မှုကို ရပ်ဆိုင်းထားသည်။
ဘရာဇီးသည် ကမ္ဘာတွင် အမေရိကန်ပြီးလျှင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး ၁၂၇၀၀၀ ကျော် သေဆုံးထားသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄.၁ သန်းကျော်ရှိသည့် တောင်အမေရိကနိုင်ငံ ဘရာဇီးသည် ကာကွယ်ဆေးများစမ်းသပ်ရန်အတွက် အဓိကနေရာအဖြစ် ပေါ်ထွက်လာခဲ့ပြီး အမေရိကန်ဆေးကုမ္ပဏီ Covaxx နှင့် ဘရာဇီးကျန်းမာရေးစစ်ဆေးမှုကုမ္ပဏီ Dasa တို့က ၎င်းတို့၏ကာကွယ်ဆေးကို ဘရာဇီးတွင် အဆင့် (၂) နှင့် အဆင့် (၃) စမ်းသပ်မှုများ ဆောင်ရွက်ရန် စက်တင်ဘာ ၉ က သဘောတူညီခဲ့ကြသည်။
Ref ; Eleven

0 comments:

Post a Comment