Wednesday, September 9, 2020

မွန်ပြည်နယ်သို့ ရခိုင်နှင့် ရန်ကုန်မှ လာမည့်သူများ Quarantine ၁၄ ရက် နေထိုင်ရမည်ဖြစ်ပြီး ကုန်ကျစရိတ် ငါးသောင်း ပေးရမည်

မွန်ပြည်နယ်သို့ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးမှ လာရောက်ကြမည့်သူများအားလုံး သတ်မှတ်ထားသည့် Quarantine Centre တွင် ၁၄ ရက်ကြာ နေထိုင်ရမည်ပြီး ကုန်ကျစရိတ် ငါးသောင်းကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သတင်းရရှိသည်။
လက်ရှိတွင် COVID-19 ပိုးတွေ့လူနာသည် နေ့စဉ် ရာဂဏန်း ဖြစ်လာသောကြောင့် မွန်ပြည်နယ်တွင်လည်း ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးမှ လာမည့်သူများအားလုံး Quarantine Centre မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွန်ကြားချက်အတိုင်း ၁၄ ရက် နေထိုင်ရဖြစ်ကြောင်း၊ Quarantine Centre တွင် နေထိုင်၊ စားသောက်စရိတ်၊ Swap ယူသည့် စရိတ်များကို မိမိအစီအစဉ်ဖြင့် ကျခံရမည်ဖြစ်ကြောင်း၊ ကျခံရမည့်နှုန်းထားမှာ ငါးသောင်း ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောကြားသည်။
"စက်တင်ဘာ ၇ ရက်အထိကို မွန်ပြည်နယ်မှာ ဓာတ်ခွဲအတည်ပြုလူနာက ၁၅ ဦးအထိ ရှိလာပြီ။ ဒါကြောင့် ပြည်နယ်အတွင်းမှာလည်း ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက်ကို ကျိုက်ထိုမြို့နယ်မှာ ကျန်းမာရေး စစ်ဆေးရေးဂိတ် ဖွင့်ပြီးတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွန်ကြားချက်နဲ့အညီ စိစစ်ဆောင်ရွက်နေပါတယ်။ အစောပိုင်းကတော့ ရခိုင်ပြည်နယ်ရယ်၊ ရန်ကုန်တိုင်းဒေသကြီးက Stay at Home သတ်မှတ်ထားတဲ့ ခုနစ်မြို့နယ်က လာတဲ့သူတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွန်ကြားချက်နှင့်အညီ Quarantine ဆောင်ရွက်ပါတယ်" ဟု ညွန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောကြားသည်။
မွန်ပြည်နယ်အတွင်း Quarantine Centre ၃၄၆ ခု ဖွင့်လှစ်ထားသော်လည်း အဓိကအားဖြင့် မော်လမြိုင်မြို့နယ်အတွင်း Quarantine Centre ငါးခု ဖွင့်လှစ်ကာ စီမံဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ထိုင်းနိုင်ငံမှ ပြန်လာသည့် ပြည်တော်ပြန် အရေအတွက် ၃၃၀၀၀ ကျော်အား လက်ခံ ဆောင်ရွက်ပေးထားပြီး ဖြစ်ကြောင်း နှင့် လက်ရှိ မော်လမြိုင်မြို့နယ်အတွင်းရှိ Quarantine Centre များတွင် လူဦးရေ ၂၅၃၅ ဦးအား ကျန်းမာရေးစောင့်ကြည့်မှု ဆောင်ရွက်နေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးထံမှ သိရသည်။
သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၈ ရက် ညပိုင်းအထိ မွန်ပြည်နယ်အတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၇ ဦးရှိပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာ၏ ထုတ်ပြန်ချက်များအရ သိရသည်။

0 comments:

Post a Comment