Friday, August 28, 2020

မည်သည့်အသွင်သဏ္ဍန်ဖြင့် ကျူးလွန်သည့် အကြမ်းဖက်လုပ်ရပ်များကိုမဆို မြန်မာနိုင်ငံက ဆက်လက်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း MOFA ထုတ်ပြန်

၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ တစ်ကမ္ဘာလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး တိုက်တွန်းပြောကြားချက်ကို ထောက်ခံသော အားဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက် အမှတ် S/RES/2532 (2020) ကို အတည်ပြုချမှတ်ခဲ့ပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကြီးမားသည့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နေသည့်အချိန်တွင် အထူးလိုအပ်လျက်ရှိသော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အထောက်အကူ ဖြစ်စေသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအစီအစဉ်ကို မြန်မာနိုင်ငံက ကြိုဆိုသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ တိုက်တွန်းချက်အရ မြန်မာ့တပ်မတော်သည် ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၀ ရက်နေ့မှ ဩဂုတ်လ ၃၀ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး၊ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ သက်တမ်းတိုးမြှင့် ကြောင်း ကြေညာခဲ့ပြီးဖြစ်သည်။
ရေရှည်တည်တံ့သည့် တည်ငြိမ်အေးချမ်းမှုရရှိစေရန်အတွက် အကြမ်းဖက်မှုကို တိုက်ဖျက်သွား ရေးသည် နိုင်ငံတိုင်း၏တာဝန်ဖြစ်သည်။ မြန်မာနိုင်ငံသည် “မည်သူက မည်သည့် နေရာတွင် ဖြစ်စေ၊ မည်သည့်ပုံစံ၊ အသွင်သဏ္ဍာန်၊ လှုံ့ဆော်မှုကြောင့် ဖြစ်စေ ကျူးလွန်သည့် အကြမ်းဖက်မှု လုပ်ရပ်များ၊ နည်းလမ်းများနှင့် ကျင့်သုံးမှုများ အားလုံးကို လက်ခံနိုင်ဖွယ်မရှိသော ရာဇဝတ်မှု အဖြစ် ပြတ်သားစွာရှုတ်ချသည့်” လုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက်အမှတ် S/RES/1269 (1999) ကို ထောက်ခံသည်။
မြန်မာနိုင်ငံသည် အကြမ်းဖက်မှုကို ဆက်လက်၍ တိုက်ဖျက် သွားမည်ဖြစ်ပြီး၊ ပြည်သူ ပြည်သားများအား အကြမ်းဖက်မှုလုပ်ရပ် အားလုံး၏ အန္တရာယ်မှ အကာအကွယ်ပေး ရမည့် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ။ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၇ ရက်

0 comments:

Post a Comment