Sunday, August 18, 2019

ကျိုက်မရောမြို့ရှိ လယ်ဧက ၁၀၀ ကျော်ကို ကန်ထရိုက် လယ်ယာစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် တရုတ်နှင့် ဆွေးနွေး နေ

Image may contain: 1 person, text
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ လယ်ဧက ၁၀၀ ကျော်ကို ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က ပြောသည်။

"ပြီးခဲ့တဲ့ ၆ လလောက်က ဝန်ကြီးချုပ် ကိုယ်တိုင် ကျွန်တော်တို့အဖွဲ့နဲ့ တွေ့ပြီးတော့ သူရဲ့ မြေဧကတွေကို အသုံးချပေးဖို့ ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းဖွဲ့က ဗဟိုအလုပ်မှုဆောင်က မြေဧက ၁၀၀ ကျော်ကို ရယူပြီး တော့ စမ်းသပ်စိုက်ပျိုးကြည့်ပါတယ်။ တရုတ်ပညာရှင်တွေရဲ့ အကူအညီနဲ့ စိုက်ပျိုးတဲ့အခါမှာ အခက်အခဲ တွေ့ပါတယ်။ တကယ်လည်း မြေအနေအထားအရ စီးပွားဖြစ် မဖြစ်သေးဘူး။ အဲ့ဒီမှာ ဆည်မြောင်းကနေ ရေပေးဖို့ လုပ်နေတဲ့ အနေအထားတွေ ကွင်းဆင်း တွေ့ရှိရပါတယ်။ အဲ့ဒီမြေတွေကို အသုံးချနိုင်ဖို့အတွက်လည်း ကျွန်တော် တို့ အသင်းတစ်ခုထဲနဲ့တော့ အားမရှိဘူး"ဟု ၎င်းကပြောသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ်၏ ဖိတ်ခေါ်မှုအရ ပြီးခဲ့သည့် ၆ လခန့်က မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများ အသင်း ဗဟိုအလုပ်အမှုဆောင်များမှ ကျိုက်မရော မြို့နယ်ရှိ မြေလွတ်(ပလပ်မြေ) နေရာများ၌ ဆန်စပါးစိုက်ပျိုးထုတ်လုပ်ခြင်းကို လယ်ဧက ၁၀၀ ကျော်တွင် စမ်းသပ်စိုက်ပျိုးရာ အခက်အခဲများစွာ ရှိခဲ့ကြောင်းသိရသည်။
လက်ရှိတွင် ကျိုက်မရောမြို့နယ်၌ တရုတ်ပညာရှင်များ၏ အကူအညီဖြင့် ဆန်စပါး စမ်းသပ်စိုက်ပျိုးရာတွင် ရေငန်ဒေသဖြစ်ခြင်း၊ ရေလုံလောက်စွာ ရရှိမှု မရှိခြင်း၊ ရာသီ သီးနှံတစ်ရာသီထဲ စိုက်ပျိုးနိုင်ခြင်း အစရှိသည့် အခက်အခဲများ ကြုံတွေ့နေရသည်ဟုဆိုသည်။
"ကျွန်တော်တို့က တရုတ်ကိုလည်း သွားဆွေးနွေးသလို တရုတ်အဖွဲ့ကလည်း လာပါတယ်။ အခုဆွေးနွေးနေတော့ သူတို့တွေက ကွင်းဆင်းကြည့်ပါတယ်။ ကျွန်တော်တို့ အသင်းကိုယ်စားလည်း စမ်းသပ်ပြီးတော့ တစ်ရာသီ စိုက်ပါတယ်။ နည်းနည်းလေးတော့ အားမရဘူးပေါ့။ အဲ့ဒီမြေကို ဆက်လက်စိုက်ပျိုး နိုင်ဖို့ ကြိုးစား သွားမှာပါ။"ဟု ဦးစိန်ဝင်းလှိုင်က ပြောသည်။
ထိုသို့ စိုက်ပျိုးရာတွင် မိုးစပါးသီးနှံကို မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဗဟိုအလုပ်အမှုဆောင်များက စမ်းသပ်စိုက်ပျိုးခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းမြေလွတ်သည် ဒေသခံပြည်သူများမှ နည်းပညာနှင့် မျိုးစပါး ကောင်းမွန်စွာ မရရှိခြင်း၊ လယ်ယာလုပ်သား ရှားပါးခြင်း၊ ချေးငွေလုံလောက်စွာ မရရှိခြင်းတို့ကြောင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်နိုင်မှု မရှိခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် မျိုးစပါးပေါင်း ၁၃၄ မျိုး စိုက်ပျိုးလျက်ရှိပြီး မိုးစပါးစိုက်ဧက ၁၅ သန်း၊ နွေစပါးစိုက်ဧက ၂ သန်းကျော်၊ စုစုပေါင်း စပါးစိုက်ဧက ၁၇ သန်းကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment