
ပြည်မြို့ အနီးက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာပျုမြို့ဟောင်းအတွင်းက အရှေ့ဘက် နန်းမြို့ရိုး ပြိုကျခဲ့အပိုင်းကို ယူနက်စကိုရဲ့ စံချိန်စံညွှန်းတွေအတိုင်း ပြန်လည်ပြုပြင်သွားမယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ်ဌာနခွဲ၊ သရေခေတ္တရာဌာနစုက တာဝန်ရှိသူက ပြောပါတယ်။
အရှေ့ဘက်နန်းမြို့ရိုး ဟာ ဇူလိုင်လ ၃၀ ရက်က မိုးရွာသွန်းမှုများခဲ့ကြောင့် ပေသုံးဆယ်ခန့် ပြိုကျသွားခဲ့တာပါ။
ပြိုကျခဲ့တဲ့နေရာတွေကို ပြန်လည်ပြုပြင်ရာမှာ ယူနက်စကိုရဲ့ သတ်မှတ် စံချိန်စံညွှန်းတွေ ဖြစ်တဲ့ ရှေးမူတွေ အတိုင်းပြန်လည် ပြုပြင်သွားမှာ ဖြစ်ပြီး ဘိလပ်မြေ နဲ့ ပြုပြင်ထားတဲ့ နေရာတွေကို ပြန်လည်ခွာထုတ်ကာ မူလပုံစံအတိုင်း မြေနီသရွတ်ကို အသုံးပြုကာ ပြုပြင်သွားမယ်လို့ သိရပါတယ်။ မြေနီသရွတ်ကိုတော့ ထုံး၊ မြေနီ(အုတ်နီမှုန့်)၊ ဥသျှစ်ရည်၊ တင်လဲရည် တို့ကို အသုံးပြုပြီး အရောင်နဲ့ စေးကပ်မှုအတွက် ရှားစေးကို အချိုးကျရောစပ် အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ပြင်ဆင်ဖို့ ဘတ်ဂျက်ကိုတော့ ဝန်ကြီးဌာနရဲ့သဘာဝ ဘေးအန္တရာယ်ဆိုင်ရာအရေးပေါ်အသုံးပြုမှု ဘတ်ဂျက်ကနေ အသုံးပြုသွားမယ်လို့ သိရပါတယ်။
သရေခေတ္တရာမြို့ဟောင်းဟာ ပြည်မြို့ အရှေ့တောင်ဘက် ငါးမိုင်ခန့်အကွာမှာရှိပြီး အေဒီ (၄) ရာစုကနေ အေဒီ(၉) ရာစုအတွင်း ထွန်းကားခဲ့တဲ့ ပျူမြို့ဟောင်းတစ်မြို့ဖြစ်ပါတယ်။ မြို့ဟောင်းရဲ့ မြို့ရိုး ဟာ (၈) မိုင် (၅) ဖာလုံ ရှိပြီး (၅.၅)စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ သရေခေတ္တရာ၊ ဟန်လင်းနဲ့ ဗိဿနိုး မြို့ဟောင်းတွေကို ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် (၂၀၁၄)ခုနှစ် ဇွန်လ (၂၂) ရက်က ပြုလုပ်တဲ့ (၃၈)ကြိမ်မြောက် အစည်းဝေးမှာ သတ်မှတ်ခဲ့ပါတယ်။ ဒါ့အပြင် သရေခေတ္တရာမြို့ဟောင်းမှာ မြို့ရိုး၊ ကျုံး၊ နန်းတော်ရာ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ၊ ဒင်္ဂါးတွေ၊ ဆင်းတုတော်တွေ၊ ပျူကချေသည် အရုပ်တွေနဲ့ ရွှေပေလွှာတွေ တူးဖော်တွေ့ရှိခဲ့ပါတယ်။




သတင်း- အောင်ကျော်သူ






0 comments:
Post a Comment