
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား ပြိုင်ဆိုင်မှုတွေပြင်းထန်နေချိန်မှာ အာဆီယံနိုင်ငံတွေ စည်းလုံးကြဖို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အခုလ(၈)ရက်က တိုက်တွန်းလိုက်ပါတယ်။ အာဆီယံဒေသဆိုင်ရာအဖွဲ့အစည်းရဲ့ အုပ်ချုပ်ရေးဌာန အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားမှာ သမ္မတဂျိုကိုဝီဒိုဒိုက အခုလို ပြောကြားခဲ့တာပါ။
အဖွဲ့ဝင်နိုင်ငံပေါင်း(၁၀)နိုင်ငံနဲ့ဖွဲ့စည်းထားတဲ့ အာဆီယံအဖွဲ့အစည်းအတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေရှိနေတာကြောင့်၊ မိတ်ဖက်နိုင်ငံတွေအားလုံး စည်းလုံးညီညွှတ်ပြီး ခိုင်မာအောင်လုပ်ဖို့ သမ္မတ၀ီဒိုဒိုက တိုက်တွန်းပြောကြားခဲ့ပါတယ်။ အခုဖွင့်လှစ်လိုက်တဲ့ အဆောက်အအုံသစ်ဟာ အာဆီယံကိုယ်စားလှယ်တွေတစ်စိတ်တစ်ဝမ်းဖြစ်လာအောင် ဆောင်ကျဉ်းပေးနိုင်ဖို့ မျှော်လင့်တယ်ဆိုပြီးတော့လည်း သမ္မတ၀ီဒိုဒိုက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ဘန်ကောက်မြို့တော်မှာကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ အမေရိကန် နဲ့ တရုတ်ကြား ဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်အကြောင်းကို အဓိကထားဆွေးနွေးခဲ့တာဖြစ်ပါတယ်။
(၁၉၉၄)ခုနှစ်ကတည်းက ပထမဆုံးအကြိမ်အဖြစ် တရုတ်အစိုးရဟာ ငွေကြေးတန်ဖိုးကိုစိတ်ကြိုက်ခြယ်လှယ်နေတယ် လို့ အမေရိကန်က အခုလ(၅)ရက်က စွပ်စွဲလိုက်ပြီးနောက် ရက်ပိုင်းအတွင်းမှာ အမေရိကန် နဲ့ တရုတ်ကြားက ကုန်သွယ်ရေးစစ်ဟာ ပိုပြီးအရှိန်မြင့်လာခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်အစိုးရက အမေရိကန်ဒေါ်လာ(၃၀၀)ဘီလီယံ တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းတွေကို စက်တင်ဘာလ(၁)ရက်ကစလို့ အခွန်(၁၀)ရာခိုင်နှုန်း တိုးကောက်မယ်လို့လည်း ကြေညာထားပါတယ်။

ဘာသာပြန် - စုစံစိုး






0 comments:
Post a Comment