
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့မြောက်ဘက် မိုးကောင်းကျေးရွာအနီးက ကြေးနီချောင်းဖြတ် သံဘေလီ တံတားရဲ့ ရေလယ်သံတိုင်ဟာ သြဂုတ်(၁၂)ရက် မနက်(၂)နာရီက ချောင်းရေထဲ မျောပါသွားတာကြောင့် တံတားကိုပေါ်ကနေ တန်(၂၀)အောက် ယာဉ်တွေကိုသာ ယာယီဖြတ်သန်းခွင့်ပြုပေးထားတယ်လို့ အောင်လံ မြို့နယ်လမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်စန်းစန်းနုက ပြောပါတယ်။
ရေလည်တိုင်ပါသွားပြီးကာစအချိန်မှာ ယာဉ်တန်ချိန်(၆)တန်၊ (၇)တန်ရှိတဲ့ ကားလေးတွေကိုသာ ဖြတ်သန်းခွင့် ပြုခဲ့ပေမယ့် တံတားအထူးအဖွဲ့တွေ၊ ရုံးချုပ်အင်ဂျင်နီယာတွေရဲ့ ညွှန်ကြားချက်အရ တန်(၂၀)နီပါးကားတွေလည်း ဖြတ်သန်းသွားလာနိုင်တာကြောင့် ပြန်လည်ခွင့်ပြုခဲ့တယ်လို့ ဒေါ်စန်းစန်းနုက ပြောပါတယ်။
အဲဒီတံတားမှာ ဒေါက်(၂)ခုရှိရာက အလယ်က အဓိကဒေါက်တိုင်ပါသွားတာဖြစ်တယ်လို့ ရွှေညောင်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောပါတယ်။ “ဒီချောင်းက ရိုးမအထိပေါက်တဲ့ချောင်းဖြစ်တယ်။ မနေ့က ညနေ (၄)နာရီခွဲ၊ (၅)နာရီလောက်ကတည်းက ရေဦးကပေါက်လာတယ်။ ည (၁၁) နာရီလောက်မှာ တော်တော် ရေတိုးသွားတော့ ည(၂)နာရီပတ်ဝန်းကျင်လောက်မှာ ဒီဒေါက်(ရေလယ်တိုင်)ပါသွားတယ်။ လွန်ခဲ့တဲ့ ၂၀၀၃၊ ၂၀၀၄ လောက်တုန်းကလည်း ဒီဘက် ချဉ်းကပ်ကတံတား ကျိုးကျခဲ့ဖူးတယ်”လို့ ဦးမြင့်ခိုင်က ဆက်လက်ပြောဆိုပါတယ်။
လက်ရှိအချိန်မှာ တံတားပေါ်ကနေ သတ်မှတ်ခံနိုင်ဝန်အတိုင်း ဖြတ်သန်းသွားလာနိုင်ဖို့အတွက် မြို့နယ်လမ်း ဦးစီးဌာန၊ တံတားအထူးအဖွဲ့(၃)နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး အမြန်ဆုံးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အဲဒီ ကြေးနီချောင်းဖြတ်မိုးကောင်းတံတားဟာ ရန်ကုန်-ပြည်-မကွေး လမ်းမကြီးရဲ့ အဓိကကျတဲ့တံတား တစ်ခုဖြစ်ပါတယ်။ တံတားအရှည် (၃၀၆)ပေ၊ အကျယ်(၁၃)ပေနဲ့ ခံနိုင်ဝန် တန်(၃၀) ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီသံဘေလီတံတားကို (၁၉၂၄)ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး (၂၀၀၃)ခုနှစ်မှာ တံတားတောင်ဘက်ခြမ်း ပေ(၆၀)ဟာ ချောင်းရေတိုက်စားလို့ ပြိုကျခဲ့တဲ့အတွက် ချဉ်းကပ်ကွန်ကရစ်တံတားအဖြစ် အသစ်တည်ဆောက်ခဲ့ တယ်လို့ သိရပါတယ်။


သတင်း - ညီမှူးအိမ်(အောင်လံ)






0 comments:
Post a Comment