Sunday, August 18, 2019

ပညာရေးပြုပြင်ပြောင်းလဲမှုများ ထိထိရောက်ရောက် အကောင်အထည် ဖော်နေသော်လည်း စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရ


ပညာရေးပြုပြင်ပြောင်းလဲမှုများကို မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်း ဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များ၏ ပူးပေါင်းပါဝင်ခြင်း စသည်တို့ဖြင့် ထိထိရောက်ရောက် ပွင့်လင်းမြင်သာစွာ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေသော်လည်း အဓိကစိန်ခေါ်မှုများ နှင့် ကြုံတွေ့နေ ရကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သြဂုတ် ၁၈ ရက်တွင်ပြောသည်။

ကျောင်းအခြေပြု ကျန်းမာရေး မြှင့်တင်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း ဗဟိုအဆင့် ညှိနှိုင်းစည်းဝေးပွဲသို့ တက်ရောက် အမှာစကားပြောကြားစဉ် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
အဓိကစိန်ခေါ်မှုများဖြစ်သည့် မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက်၊ ဘီယာ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာမှုနှင့် ထိခိုက်မှုအန္တရာယ်၊ ကျန်းမာရေးနှင့်ညီညွတ်မှုမရှိသော လူနေမှုဘဝပုံစံများ များပြားလာမှု၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာနည်းပါးမှု၊ ဂိမ်းအလွန် အကျွံစွဲလမ်းခြင်း စသည်တို့၏ အန္တရာယ်များကို ကြုံတွေ့နေရသည်ဟု ဒေါက်တာမျိုးသိမ်းကြီး ကဆိုသည်။
ကျောင်းများ၊ တက္ကသိုလ်များတွင် ထိုစိန်ခေါ်မှုများကို ရင်ဆိုင်စီမံခန့်ခွဲ ဖြေရှင်းနိုင်ရေးအတွက် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များမှ ဆရာ၊ ဆရာမများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ လိုအပ်သော လုပ်ငန်းလမ်းညွှန်များပြုစုခြင်း၊ ကာလတို ဆင့်ပွားသင်တန်းများ ပို့ချလေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်ပြီး အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ကျောင်းသား၊ ကျောင်းသူများအား လူထုလှုပ်ရှားမှု အသွင်ဖြင့် အကျိုးရှိ ထိရောက်စွာ အသိပညာပေးခြင်းကို အကောင် အထည်ဖော် ဆောင်ရွက်ရန်အတွက် အားလုံးက ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း ဆွေးနွေး အကြံပြုကြစေလိုကြောင်း ဒေါက်တာ မျိုးသိမ်းကြီးက ဆက်လက်ပြောကြားခဲ့သည်။
The Ladies News

0 comments:

Post a Comment