၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပါတီတခုတည်းက Landslide နိုင်ပြီး အစိုးရဖွဲ့နိုင်ဖို့ ခက်ခဲမှာဖြစ်သလို မဲတွေ ပြန့်ကွဲသွားနိုင်တယ်လို့ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။
သြဂုတ် ၄ ရက်နေ့က နေပြည်တော်ရှိ ပြည်သူ့ကောင်းကျိုးဆောင်ပါတီရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောတာပါ။
“သေချာသလောက်ရှိပါတယ်။ ၂၀၂၀ မှာ ပါတီတခုတည်းက Landslide နိုင်ပြီး အစိုးရဖွဲ့စည်းဖို့ တော်တော်ခက်ခဲတဲ့ သဘောရှိပါတယ်။ အဲဒီထဲမှာ တိုင်းရင်းသားတွေ ပြောပါတယ်။ တိုင်းရင်းသားပါတီတွေက ဦးဆောင်ပြီးတော့ အစိုးရဖွဲ့နိုင်မှာ မဟုတ်ဘူး ဆိုတာလည်း အမှန်ပါပဲ။ ဒါကြောင့်မို့ ဒီ Landslide မနိုင်ဘူးဆိုတဲ့အတွက် မဲတွေကလည်း ပြန့်ကွဲသွားမယ့် သဘောလည်း ရှိပါတယ်။ အကောင်းတွေလည်း ရှိပါတယ်၊ အဆိုးလည်း ရှိနိုင်ပါတယ်။ အဲလို ပြန့်ကွဲသွားတဲ့အခါမှာ ဒီပေါ်မူတည်ပြီးတော့ နိုင်ငံကောင်းအောင် ဘယ်လို လုပ်ရမလဲဆိုတာ တွက်ဆဖို့ လိုပါတယ်။”
ပြီးခဲ့တဲ့ အတွေ့အကြုံအရ တပါတီကနိုင်ပြီး တစ်ပါတီအာဏာရှင်စနစ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိတဲ့အတွက် ဒီလို ဖြစ်လာဖို့ ပြည်သူတွေအနေနဲ့ မလိုလားတဲ့သဘော ရှိတယ်လို့လည်း ပြောပါတယ်။
“ပြောရမယ်ဆိုရင် Check and balance ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု အားနည်းသွားတယ်။ တဦး၊ တယောက်တည်း၊၊ တဖွဲ့တည်း အဆုံးအဖြတ်ဟာ အဓိကဖြစ်နေတယ်။ အဲလို အဆုံးအဖြတ်က တကယ် မှန်တယ်၊ ကောင်းတယ်ဆိုရင် တိုင်းပြည်အတွက်က ကောင်းတယ်။ သို့ရာတွင် မမှန်ဘူး၊ မကောင်းဘူး ဆိုလို့ရှိရင် တိုင်းပြည်မကောင်းနိုင်ဘူး။ အဲဒီအခါမှာ ကျန်တဲ့ အခြားပါတီတွေက သူတို့ကို နေရာမပေးဘူး၊ ညှိနှိုင်းမှုမရှိဘူး ဆိုရင်လည်း သူတို့ဘက်ကလည်း သိပ်ကြိုက်မှာ မဟုတ်ဘူး။ ပြောရမယ်ဆိုရင်တော့ အသိအမှတ်မပြုဘူး ဆိုရင်လည်း သိပ်ကြိုက်မှာ မဟုတ်ဘူး။ ဒါတွေဟာ ရေရှည်မှာ စဉ်းစားပြီးတဲ့အခါမှာ သင်ခန်းစာယူပြီးတော့ နောင် ပါတီတွေ၊ ဖွဲ့လာတဲ့ အစိုးရတွေကလည်း ဒါတွေ အဓိကထားပြီး စဉ်းစားရမယ့် ကိစ္စတွေဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ဒီမိုကရေစီဆိုတာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး အများစုဆန္ဒကို လိုက်နာသလို အနည်းစုရဲ့ ဆန္ဒသဘောထားကိုလည်း လေးစားမယ်ဆိုရင် နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုလည်း ပိုကောင်းလာမယ် ထင်တယ်လို့ သူရဦးရွှေမန်းက ပြောပါတယ်။
DVB






0 comments:
Post a Comment