မြန်မာ့မဟာဂီတဖြင့် ငိုချင်းချခြင်း၊ ရှိုးလျှောက်ခြင်းများကို မလုပ်သင့်ဟု မဟာဂီတဗဟို အကဲဖြတ်ပညာရှင် မဟာဂီတစာပေစာအုပ်များ ရေးသားထုတ်ဝေသူ စာရေးဆရာမကြီး ရွှေကူနန်းနွဲ့နွဲ့က ပြောကြားသည်။
ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ကြီးမှူး၍ ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို မြန်မာစာပေမှ မဟာဂီတရသများဖော်ကျူးခြင်း ဟောပြောသရုပ်ပြပွဲကို ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမတွင် ဩဂုတ် ၁၃ ရက် မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ရာ ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
‘မြန်မာစာကို အခြေခံတဲ့ မဟာဂီတအကြောင်းကို ဒီနေ့ပြောမှာဖြစ်ပါတယ်။ ရှိုးလျှောက်ရင် ဒီတေးသွားနဲ့ ရှိုးလျှောက်တယ်။ သတို့သမီး၊ သတို့သားဝတ်စုံတွေ ကြော်ငြာတဲ့အခါ ဒီတေးသွားနဲ့ ရှိုးလျှောက်တယ်။ နောက်က တီးနေတာ ထူးမခြားနား တီးလုံးဖြစ်တယ်။ မသိနားမလည်တဲ့ နယ်က မင်းသမီးလေးများ ထူးမခြားနားတီးလုံးနဲ့ ငိုချင်းချတယ်။ ဒီလိုဆုတ်ယုတ်မှုတွေကို မလုပ်သင့်ဘူး။ ဒါကို ရှေးက တီးလုံးတစ်ခုပဲဆိုပြီးတော့ သုံးလိုက်လို့မရဘူး။ သူ့မှာ အနက်အဓိပ္ပာယ်တွေရှိပါတယ်။ ကြောက်ဖို့ကောင်းပါတယ်။ ဂိုဏ်းသင့်မှာစိုးရပါတယ်။ မသိနားမလည်ရင် နားလည်တဲ့သူကို မေးမြန်းပြီးတော့ လုပ်ကြဖို့ မှာချင်ပါတယ်’ဟု ၎င်းက ပြောဆိုသည်။ မြန်မာသီချင်းများကို မသိသောသူများသည် ပျင်းစရာကောင်းသည်၊ ခက်ခဲသည်၊ သင်္ကေတမရှိဘူးဟု ထင်ကြပြီး ယင်းကဲ့သို့မဟုတ်ဘဲ အသံကို သင်္ကေတပြသည့် သီချင်းများသာဖြစ်ကြောင်း စာရေးဆရာမကြီး ရွှေကူနန်းနွဲ့နွဲ့က ပြောဆိုသည်။
ယင်းအခမ်းအနားကို မြန်မာ့မဟာဂီတ၊ မြန်မာကဗျာရေးထုံးများ ဆုတ်ယုတ်လျော့ပါးလာနေခြင်းကို ကာကွယ်ရန် ရည်ရွယ်ကာ ကျင်းပခြင်း ဖြစ်ပြီး မြန်မာ့ကျက်သရေဆောင် စောင်းနှင့် ဆိုင်းဝိုင်းကြီးတို့ဖြင့် မြန်မာစာပေမှ ရရှိသော အနှစ်သာရ ရသများကို မဟာဂီတဖြင့် ဖော်ကျူးကာ တင်ဆက်သရုပ်ပြသခဲ့ကြောင်း သိရသည်။
မဟာဂီတသမားစဉ်အရ ကြိုး၊ ဘွဲ့၊ သီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား၊ မွန်၊ ကရင်ဩ၊ မြင်းခင်း ၊ သိင်္ဂါသံ၊ စုံနံ့သာမြိုင်ရှာပုံတော်ကြီး ၀စနာလင်္ကာရ အန်ချင်းတေးများကို ရန်ကုန်ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ ရန်ကုန်ယဉ်ကျေးမှုနှင့် အနုပညာအထက်တန်းကျောင်း (ပန်တျာကျောင်း ကျောင်းသား၊ ကျောင်းသူများ) မြန်မာနိုင်ငံဂီတအစည်းအရုံးဗဟိုမှ အမှုဆောင်များနှင့် ပြင်ပပညာရှင်များက ပါဝင်ကာ တင်ဆက်သရုပ်ပြခဲ့ကြသည်။
နိုင်ငံကျော်တေးသံရှင် ပါမောက္ခ ဒေါ်နုနုခင် မန္တလေးယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ငြိမ်း)၊ စောင်းပညာရှင် ဒေါ်ရီရီသန့်၊ စာပေ၊ အဆို၊ အတီး၊ အက၊ သရုပ်၊ မြန်မာ့ရုပ်သေးပညာများကိုပါ ပါဝင်သရုပ်ပြခဲ့ကြကြောင်း သိရသည်။
သတင်း၊ ဓာတ်ပုံ – အိဟေမာ






0 comments:
Post a Comment