မြစ်ရေကြီးမှုနဲ့ ဆိုးဆိုးရွားရွားကြုံခဲ့ရတဲ့ မွန်ပြည်နယ် ရေးမြို့နယ်မှာ ဒီမနက် ရေပြန်လည်ကျ ကျဆင်းသွားပြီး ပြန်လည်ထူထောင်ရေးအရေးပေါ် အကူအညီတွေ ဆက်လက်လိုအပ်နေတယ်လို့ ရေဘေးသင့်ပြည်သူတွေက ပြောပါတယ်။
ရေပြန်ကျပေမယ့် နေအိမ်တွေ ရေထဲမျောပါသွားတဲ့ မိသားစုတွေကတော့ နေစရာလဲမရှိ စားစရာ ဝတ်စရာလဲမရှိဘဲ အကူညီတွေ လိုအပ်နေတာဖြစ်ပါတယ်။
ဒေသခံ ဈေးသည် ကိုတင်ကိုက “အခုရေကြီးတာ နှစ်ပေါင်း ၆၀ အတွင်းမှာ ရေအကြီးဆုံး ဖြစ်တာကြောင့် မထင်မှတ်ဘဲ ရေးမြို့တမြို့လုံးနီးပါး ၈၀ ရာခိုင်နှုန်းကျော်လောက် ရေလွှမ်းခံခဲ့ရတယ်။ ဈေးပစ္စည်းတွေ နေအိမ်တွေ ပျက်စီးတာတွေများပြားတဲ့အတွက် ဆုံးရှုံးမှုက များပြားနေတယ်”လို့ သူက ပြောပါတယ်။
ရေးမြို့နယ်ရေကြီးမှုမှာ နေအိမ်မျောပါတာ ရာဂဏန်းအထိ ရှိလာနေပြီး ဥယျာဉ်ခြံတွေပါ မျောပါပျက်စီးဆုံးရှုံးတာတွေ စာသင်ကျောင်းပါ ပျက်စီးမှုနဲ့ လမ်းပန်းဆက်သွယ်ရေးလည်း သွားလာမှုတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုအချိန်အထိ ကယ်ဆယ်ရေးစခန်း ၁၂ ခုမှာ ရေဘေးသင့်ပြည်သူတွေ ၁၀၀၀၀ ခန့် ခိုလှုံနေကြပါတယ်။ ပြန်လည်ထူရေးလုပ်ငန်းတွေကို သက်ဆိုင်ရာအဖွဲ့စည်းနဲ့ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ပြောပါတယ်။
ရေးမြို့နယ်မှာ ရေကြီးမှုအတွင်း လူ ၁ဦးသေဆုံးပြီး အိမ်မွေးတိရိစ္ဆာန်တွေပါ ရေဘေးဒဏ် ခံစားနေရတာပါ။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မခန့်မှန်းနိုင်သေးဘဲ ပျက်စီးမှု ပမာဏ သိရဖို့ စစ်တမ်းကောက်ယူနေလို့ မြို့နယ်က ထုတ်ပြန်ထားပါတယ်။
သတင်း- နေမျိုးထွဋ် (ရေး)
DVB






0 comments:
Post a Comment