
ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် မုတ်သုံလေ အားအလွန်ကောင်းနေသဖြင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသနှင့် မြစ်ဝကျွန်းပေါ်တို့တွင် သုံးရက်ခန့် ဆက်လက် မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုကို သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်က ပြောကြားသည်။
“ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံ အားကောင်းရင်တော့ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေဖြစ်တဲ့ မွန်၊ ကရင်၊ တနင်္သာရီ မုတ်သုံက နည်းနည်း တက်လာမယ်ဆိုရင် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတို့ပေါ့နော်။ ဒါက အောက်ပိုင်း မိုးကောင်းရင် အခုပြောတဲ့ ဒေသတွေ မိုးများနိုင်တယ်။ လက်ရှိ အခြေအနေတွေရတော့ နောက်ထပ် သုံးလေးရက်လောက်အထိ မုတ်သုံ အားကောင်းဖို့ ရှိတယ်။ သုံးလေးရက်လောက် မိုးကောင်းနေဦးမယ်” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားသည်။
ထို့ပြင် သြဂုတ်လ တတိယ ၁၀ ရက်ပတ် မိုးလေဝသ ခန့်မှန်းချက်တွင်လည်း တောင်ပိုင်းဒေသများ မိုးပြန်ပိုလာနိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ သြဂုတ်လ တတိယ ၁၀ ရက်ပတ်သည် သြဂုတ်လ ဒုတိယ ၁၀ ရက်ပတ်ထက် ပိုမိုးများနိုင်သဖြင့် သတိပြုရန်လိုကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်း က ပြောကြားသည်။
“အခုလို မုတ်သုံ အားကောင်းပြီဆိုရင် မိုးများဖို့ အလားအလာ အခွင့်အရေး ပိုများတယ်။ ရေကြီးရေလျှံလည်း ပြန်ဖြစ်နိုင်သေးတယ်။ တောင်ပိုင်းဒေသတွေက တော်တော်များများ မိုးရမှာကို တွေ့ရတယ်။ ရေကြီးရေလျှံမှုနဲ့အတူ မြေပြိုတာတွေကိုလည်း သတိထားဖို့ လိုတယ်”ဟု ဦးလှထွန်းက ပြောကြားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သြဂုတ် ၂၁ရက် မိုးလေဝသအခြေအနေ ထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် နေရာကွက်ကျား၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် မကွေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး ကျန်ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
သြဂုတ် ၂၂ ရက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန် ရာနှုန်းပြည့် ဖြစ်ကြောင်း မိုးဇလထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Eleven Media Group






0 comments:
Post a Comment