Sunday, August 18, 2019

အာဆီယံ အရန်ဆန်ရိက္ခာ အစီအစဉ်အရ ရေဘေးသင့်သူများအတွက် ဆန်တန်ချိန် ၂၀ လှူဒါန်

အာဆီယံ + ၃ အရေးပေါ်အရန် ဆန်ရိက္ခာအစီအစဉ်အရ ကိုရီးယားနိုင်ငံက လှူဒါန်းသည့် အရန်ဆန်ထဲမှ ဆန်တန်ချိန် ၂၀ (ဆန်အိတ်- ၅၀၀) ကို ကရင်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် ဩဂုတ်လ ၁၇ ရက်နေ့က လှူဒါန်းလိုက်ကြောင်း စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။
ဆန်တန်ချိန် ၂၀ ထောက်ပံ့ လှူဒါန်းပွဲကို ဩဂုတ်လ ၁၇ ရက်နေ့က ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကရင်ပြည်နယ်တွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ ရေဘေးသင့်ခဲ့သည့် ပြည်သူများအတွက် အာဆီယံအပေါင်း ၃ အရေးပေါ်အရန် ဆန်ရိက္ခာအစီအစဉ် ၃ ၏ အလိုအလျောက် ခလုတ်ဆွဲစနစ်အရ လှူဒါန်းခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) ကိုယ်စား စိုက်ပျိုးရေးဦးစီးဌာနရုံးချုပ်မှ အာဆီယံအပေါင်း ၃ အရေးပေါ်အရန်ဆန် ရိက္ခာအဖွဲ့ကောင်စီဝင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုက ပြောသည်။

အဆိုပါ ဆန်တန်ချိန် ၂၀ (ဆန် အိတ်- ၅၀၀) ကို လှိုင်းဘွဲ့မြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၂၀၀၊ ကော့ကရိတ်မြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၁၀၀၊ ကြာအင်းဆိပ်ကြီးမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၁၀၀၊ ကျိုက်ဒုံမြို့ ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၁၀၀ လှူဒါန်းခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

အာဆီယံအပေါင်း ၃ အရေးပေါ်အရန်ဆန်ရိက္ခာ အစီအစဉ်အနေနှင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် ကိုရီးယားနိုင်ငံကလှူဒါန်းသည့် ဆန်တန်ချိန် ၅၀၀ ကို ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် ဂိုဒေါင်တွင် စနစ်တကျ သိုလှောင်ထားရှိပြီး ဂျပန်နိုင်ငံက လှူဒါန်းသည့် ဆန်တန်ချိန် ၃၀၀ သည် ဩဂုတ်လ ၃ ရက်နေ့တွင် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိကာ ဩဂုတ်လ ၉ ရက်နေ့တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် ဆန်သိုလှောင်ရုံတွင် သိုလှောင်ထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

The Voice

0 comments:

Post a Comment