Thursday, August 8, 2019

ထိုင်ဝမ်တွင် ငလျင်လှုပ်ပြီး နာရီပိုင်းအကြာတွင် တိုင်ဖုန်းမုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်

ထိုင်ဝမ်ကျွန်းတွင် မဂ္ဂနီကျုပြင်းအား ၆ ဒသမ ဝ အဆင့်ရှိသော အင်အားပြင်း ငလျင်လှုပ်ခဲ့ပြီးနောက် နာရီပိုင်းအကြာ ကြာသပတေးနေ့ ညပိုင်းတွင် မြေပြိုမှုများ၊ ဒီရေတက်မှုများကို ဆောင်ယူလာမည့် အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
ထိုင်ဝမ်မိုးလေဝသဌာနက အင်အား အပြင်းဆုံး အဆင့်သတ်မှတ်ထားသော တိုင်ဖုန်းလက်ကီမာသည် ကျွန်း၏ အနောက်မြောက်ကမ်းရိုးတန်းသို့ ကြာသပတေးနေ့ ညပိုင်းတွင် ဝင်ရောက်မည်ဟု မျှော်လင့်ရသည်။
လက်ကီမာ ကုန်းတွင်းဝင်သည့်အချိန်တွင် လေတိုက်နှုန်း တစ်နာရီလျှင် ၂၂၇ ကီလိုမီတာခန့် ရှိမည်ဟု မိုးလေဝသ ဗျူရိုက ခန့်မှန်းထားသည်။
မုန်တိုင်းဝင်ရောက်မှုကြောင့် မြို့တော် ထိုင်ပေ၊ မြောက်ပိုင်း ကီလွန်ဆိပ်ကမ်းမြို့နှင့် အခြားခရိုင်များတွင် မိုးသက်လေပြင်းများ ကျရောက်မည်ဟု ဗျူရိုက သတိပေးထားသည်။ ထို့ပြင် တောင်ဘက်နှင့် အရှေ့ဘက်ကမ်းရိုးတန်းတွင် ပင်လယ်ပြင်သို့ ရေယာဉ်များမထွက်ကြရန် သတိပေးထားသည်။
ကြာသပတေးနေ့ အစောပိုင်းက ထိုင်ဝမ်ကျွန်း အရှေ့မြောက်ကမ်းရိုးတန်းတွင် ပြင်းအား ၆ ဒသမ ဝ အဆင့် ငလျင်လှုပ်ခဲ့ပြီး ကျွန်း၏ မြောက်ဘက်တောင်တန်းများတွင် မိုးရေချိန် ၃၅ လက်မ ရွာသွန်းခဲ့မှုကြောင့် မြေပြိုမှုများ ဖြစ်နိုင်ကြောင်း သတိပေးချက်များလည်း ထုတ်ပြန်ထားသည်။
“တိုင်ဖုန်းအတွက် ပြင်ဆင်နေတုန်းမှာ ငလျင်လှုပ်သွားတာကတော့ ဖြစ်တောင့် ဖြစ်ခဲပါပဲ”ဟု ဝန်ကြီးချုပ် ဆူစင်ချန်းက အရေးပေါ်ဘေးအန္တရာယ် ကာကွယ်ရေးစင်တာတွင် ပြုလုပ်သော အစည်းအဝေး၌ ပြောကြားသည်။
ငလျင်လှုပ်မှုကြောင့် အဆောက်အအုံ တစ်သောင်းကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့ပြီး အမျိုးသမီးတစ်ဦး အဝတ်ဗီရိုပိကာ သေဆုံးခဲ့ရသည်။
လူပေါင်း ၁၅၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရပြီး အများစုမှာ အရှေ့ဘက်ကမ်းရိုးတန်း ကျွန်းများပေါ်သို့ ရောက်နေသော ခရီးသွားဧည့်သည်များဖြစ်သည်။ ရေကြီးနိုင်သည့်နေရာများတွင်လည်း အကူအညီပေးရန် တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ထားသည်။
တိုင်ဖုန်းလက်ကီမာသည် တရုတ်ပြည်မကြီး အရှေ့ဘက်ကမ်းရိုးတန်းသို့ ဆက်လက်ဦးတည်နေပြီး သီတင်းပတ်ကုန်ရက်တွင် ရှန်ဟိုင်းသို့ ဝင်ရောက်တိုက်ခတ်လိမ့်မည်ဟု ထိုင်ဝမ်မိုးလေဝသဗျူရိုက ပြောကြားသည်။
တိုင်ဖုန်းမုန်တိုင်းများသည် ပစိဖိတ်သမုဒ္ဒရာနှင့် တောင်တရုတ်ပင်လယ်ရှိ ရေနွေးစီးကြောင်းများကို အခြေပြုအားယူကာ နှစ်စဉ် ဒုတိယနှစ်ဝက်ကာလတွင် ထိုင်ဝမ်၊ တရုတ်၊ ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့သို့ ဝင်ရောက်တိုက်ခတ်လေ့ရှိသည်။
၂၀၀၉ ခုနှစ်က တိုင်ဖုန်းမိုရာကော့ကြောင့် ထိုင်ဝမ်တွင် လူပေါင်း ၇၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရသည်။
The Voice

0 comments:

Post a Comment