
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိပ်မူကျေးရွာမှာ သြဂုတ်(၁၂)ရက်က စိတ်ကြွရူးသွပ်ဆေးပြား(၁၃၀၀၀၀)ကျော်ကို ဖမ်းဆီးရမိတယ်လို့ ဖားကန့်မြို့မရဲစခန်းက သိရပါတယ်။ မိုးညှင်းခရိုင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၃)က တပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါးသတင်းအရ ဆိပ်မူကျေးရွာမှာနေထိုင်တဲ့ ဘောက်နော် ဆိုသူရဲ့နေအိမ်ကို နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေ၊ အသိသက်သေတွေနဲ့အတူ ၀င်ရောက်ရှာဖွေခဲ့တာပါ။ အဲဒီလိုရှာဖွေရာမှာ နေအိမ်အိပ်ခန်းထဲက အပြာရောင်ကပ်ခွာအိတ်တွေနဲ့ ထုတ်ထားတဲ့ အထုတ်ငယ် (၆၉၀)ထဲက တံဆိပ်မပါ စိတ်ကြွ ရူးသွပ်ဆေးပြား(၁၃၈၀၀၀)ပြားကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲမှတ်တမ်း တွေအရ သိရပါတယ်။
ဒါ့အပြင် ဘောက်နော်ကိုစစ်ဆေးမေးမြန်းချက်အရ မူးယစ်ဆေးဝါးတွေကို လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာ မှာနေထိုင်တဲ့ နီဘောက်(ခ)မေရီဆိုင်းနူး ဆိုတဲ့အမျိုးသမီး လာရောက်ပို့ဆောင်တယ်လို့ သိရှိရတာကြောင့် မှော်ပုံကျေးရွာကို ဆက်လက်သွားရောက်ရှာဖွေပေမယ့် မတွေ့ရှိခဲ့ဘူးလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ မူးယစ်ဆေးဝါးတွေနဲ့အတူ တွေ့ရှိတဲ့ ဘောက်နော်နဲ့ တစ်ဆင့်ရောင်းချခိုင်းပြီး ထွက်ပြေး တိမ်းရှောင်နေတဲ့ နီဘောက်(ခ)မေရီဆိုင်းနူးတို့(၂)ယောက်ကို ဖားကန့်မြို့မရဲတပ်ဖွဲ့စခန်းက (ပ)၁၇၂/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - မိုဃ်းကျ(မြစ်ကြီးနား)၊ ၀င်းနိုင်(ကချင်မြေ)






0 comments:
Post a Comment