နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အစိတ်အပိုင်း(၁)အား ပြည်ကြီးမွန်ရတနာရွှေဖောင်တော်ဖြင့် လှေတော်ဝင်းခင်း၍ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် စကျင်ကျေးရွာအနီး၌ ကျင်းပပြုလုပ်ရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ တွဲဖက်ရွှေကျင်သာသနာပိုင်၊ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများက သီတဂူဆရာတော်ဘုရားကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်ဘုရားကြီး အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ရွတ်ပွား သရဇ္ဈာယ်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပင့်ဆောင်ပူဇော်ခြင်းအတွက် ဝမ်းမြောက်ရွှင်လန်း ဥဒါန်းစကား မြွက်ကြားလျှောက်ထားသည်။
ဆက်လက်၍ ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပင့်ဆောင်ပူဇော်ရန် သီတဂူဆရာတော်ဘုရားကြီးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အမှူးပြုသော ဧည့်သည်တော်များနှင့် ဒေဝါဝင်း၊ ရာဇာဝင်းများက ပြည်ကြီးမွန် ဖောင်တော်ထက်သို့ ပင့်ဆောင်ကြကာ ဆင်းတုတော်အစိတ်အပိုင်း(၁)ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပူဇော်ပြီး မင်္ဂလာလှေတော်ဝင်းအဖွဲ့မှ လှေလှော်သံတက်ယိမ်းဖြင့် ပူဇော်ကြသည်။
ဆက်လက်၍ ပြည်ကြီးမွန်ဖောင်တော်ကြီး စတင်ထွက်ခွာရန်အတွက် မင်္ဂလာအချိန်တွင် လှေလှော်သားများက လှေလှော်သံသီချင်းဖြင့် ပင့်ဆောင်ပူဇော်၍ မင်္ဂလာစည်တော်ကြီးအဖွဲ့က ရေကင်းသံတီးမှုတ်ပူဇော်ကြပြီး နတ်ဒေဝါများကို အမျှပေးဝေခြင်း ဆောင်ရွက်သည်။
ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား အောင်မြင်ပြီးမြောက်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုး ခဲ့ကြကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment