Sunday, August 2, 2020

သြစတြေးလျနိုင်ငံ ဝိတိုရိယပြည်နယ်တွင် ညမထွက်ရအမိန့်နှင့် ကန့်သတ်ချက်များ ထုတ်ပြန်

ကိုရိုနာဗိုင်းရပ်ကူးစက်ပြန့်ပွားမှုကို ထိန်းသိမ်းရန်အတွက် သြစတြေးလျနိုင်ငံ ဝိတိုရိယပြည်နယ်တွင် သဘာဝဘေးအန္တရာယ်အခြေအနေဖြစ် ယနေ့ ကြေညာလိုက်ပြီး၊ မဲလ်ဘန်းမြို့၏ ဒေသအချို့တွင်လည်း သွားလာလှုပ်ရှားမှုမျာကို ကန့်သတ်ရန်အတွက် ညမထွက်ရအမိန့်ကိုပါ ထုတ်ပြန်လိုက်သည်။
ဒေသတွင်းဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းသိမ်းရန်အတွက် ကန့်သတ်တားမြစ်ချက်များကို အဆင့် ၄ သတ်မှတ်ချက်အဖြစ် စက်တင်ဘာ ၁၃ ရက်အထိ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဝိတိုရိယ ပြည်နယ်ဝန်ကြီးချုပ် ဒယ်နီယယ်လ်အန်ဒရူးကပြောသည်။
ယနေ့ တနင်္ဂနွေနေ့ညမှစတင်၍ နောက်ထပ် ရက်သတ္တ ၆ ပတ်ကြာသည်အထိ ည ၈ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခြင်းဖြစ်သည်။ မဲလ်ဘန်းမြို့နေပြည်သူတို့သည် မိမိတို့ နေအိမ်မှ ၅ ကီလိုမီတာထက်ဝေးသော နေရာသို့ မသွားရန်နှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ရန်အတွက်ကိုလည်း တစ်နေ့လျှင် တစ်နာရီသာ အပြင်ထွက်ခွင့်ရမည်ဖြစ်သည်။
ထို့အပြင် မဝယ်မဖြစ်ပစ္စည်းများကို ဝယ်ယူရန်အတွက် အိမ်ထောင်စုတစ်ခုလျင် တစ်နေ့လျှင် လူတစ်ဦးသာ ဈေးဝယ်ခွင့်ရမည်ဖြစ်ပြီး၊ ယင်းသည်လည်း မိမိတို့ နေအိမ်မှ ၅ ကီလိုမီတာထွက်ပိုဝေးသော နေရာသို့ သွားခွင့်မရှိချေ။
မဲလ်ဘန်းမြို့ရှိ တက္ကသိုလ်နှင့် အခြားကျောင်းသား အများစုသည်လည်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ သန်းခေါင် အချိန်မှစတင်၍ အွန်လိုင်းပညာသင်ကြားရေးဖြင့် ပြန်လည်သင်ကြားနေကြရပြီဖြစ်ပြီး၊ စာသင်ခန်းများတွင် တက်ရောက်ရပြီး ရက်သတ္တအနည်းငယ်အကြာတွင် ထိုသို့ ပြန်လည်သင်ကြားနေကြရခြင်းဖြစ်သည်။ မူလတန်းကျောင်းများနှင့် နေ့ကလေးထိန်းကျောင်းများမှာမူ ကြသပတေးနေ့မှ စတင်၍ ပိတ်ထားရကြောင်းသိရသည်။
စူပါမားကက်များမှာမူ ဆက်လက်ဖွင့်လှစ်လျှက်ရှိပြီး၊ စားသောက်ဆိုင်များတွင်မူ ဆိုင်ထိုင်စားခြင်းကို ခွင့်မပြုတော့ချေ။
မဲလ်ဘန်းတွင် မင်္ဂလာဆောင်များပြုလုပ်ခြင်းကို ပြန်လည်တားမြစ်လိုက်သည်။ သြစတြေးလျနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်းမြင်းမားခဲ့စဉ်က မင်္ဂလာဆောင်များကို လူငါးဦးသာတက်ရောက်ရန် ကန့်သတ်ခဲ့သည်။
အားလုံးအစစအရာရာ လုံခြုံစိတ်ချရစေရန် ထိုသို့ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဝိတိုရိယပြည်နယ်ဝန်ကြီးချုပ်ကပြောသည်။ လုပ်ငန်းခွင်ဆိုင်ရာ ကန့်သတ်ချက်များကို တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး၊ အရေးမကြီးသော လုပ်ငန်းများမှာ ယာယီပိတ်ရဖွယ်ရှိကြောင်း သူကဖြည့်စွက်ပြောကြားသည်။
သြစတြေးလျနိုင်ငံတစ်ဝန်းဝယ် COVID-19 အတည်ပြုလူနာသစ် ၆၇၁ ဦးကို ယနေ့ စစ်ဆေးတွေ့ရှိပြီး၊ COVID-19 ကြောင့် ထပ်မံသေဆုံးသူ ၇ ဦးရှိကြောင်းသိရသည်။
Ref ; Popular

0 comments:

Post a Comment