Thursday, August 1, 2019

ဒဂုံဧရာ အဝေးပြေးကားဝင်းရှေ့တွင် ခရီးသည် လုခေါ်ရာမှ လူသတ်မှုဖြစ်

လှိုင်သာယာမြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးကားဝင်းရှေ့တွင် သြဂုတ် ၁ ရက် (ယနေ့) နံနက် ၅ နာရီက ခရီးသည် လုခေါ်သည့် ကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားနှစ်ဦး စကားများရာမှ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး ဓားဖြင့်ထိုးသတ်ခံရကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ရင်ညွန့်နှင့် ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ သုံးချက်ဖြင့် သေဆုံးခဲ့သူ ရဲမင်းအောင် (၂၃) နှစ်မှာ အခင်းဖြစ်ချိန်က ဒဂုံဧရာ အဝေးပြေးကားဝင်း အဝင်ဝတွင် ပြောင်ညို (ခ) သူရအောင်နှင့်အတူ ဟင်္သာတမြို့သို့ ထွက်ခွာမည့် ယာဉ်နှင့်လိုက်ပါမည့် ခရီးသည်များကို ခေါ်နေစဉ် စကားများရာမှ ဓားဖြင့်ထိုးခံရခြင်းဖြစ်သည်။

“ကားနဲ့ လိုက်ပါမယ့် ခရီးသည်တစ်ယောက် ခေါ်ပေးနိုင်ရင် ပိုက်ဆံ ငါးရာတစ်ထောင် ရကြတယ်။ ကားဝင်းထဲမှာ ခရီးသည်လုခေါ်ရင်း အချင်းချင်း စကားများရန်ဖြစ်ကြပေမယ့် အခုလို လူသတ်မှုအထိတော့ မဖြစ်ခဲ့ဖူးဘူး”ဟု အဝေးပြေးကားဝင်းအတွင်း ဈေးရောင်းနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

လူသတ်မှုကျူးလွန်ခဲ့သူ ပြောင်ညို (ခ) သူရအောင်မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို အင်းစိန်ဆေးရုံမှ ပီအာရ် ၁၇ ဖြင့် လက်ခံ၍ သောင်ကြီးနယ်မြေ ရဲစခန်းမှ (ပ) ၂၀၇၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice

0 comments:

Post a Comment