Tuesday, August 20, 2019

ဟောင်ကောင်နယ်စပ်တွင် တရုတ် ရဲတပ်ဖွဲ့ဝင်များ အဓိကရုဏ်းနှိမ်နင်းရေး လေ့ကျင့်

တရုတ်ပြည်မကြီးက လက်နက်ကိုင်ရဲတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ဟောင်ကောင်နယ်စပ် ရှန်းဇန်မြို့ အားကစားရုံမှာ အဓိကရုဏ်းနှိမ်နှင်းရေး လေ့ကျင့်ခန်းတွေ လုပ်နေပါတယ်။

ဒါဟာ ဟောင်ကောင်ဆန္ဒပြသူတွေကို သတိပေးနေတာဖြစ်တယ်လို့ အများက ရှုမြင်ကြပြီး ဟောင်ကောင်အရေးမှာ တရုတ်အစိုးရ ကြားဝင်မလားဆိုတာနဲ့ ပတ်သက်လို့ ရှန်းဇန်ဒေသခံတွေအကြား အမြင်အမျိုးမျိုး ကွဲပြားနေပါတယ်။
စစ်ပြန်တဦးဖြစ်သူ မစ္စတာကောင်းက “အကြမ်းဖက်ပြီး မငြိမ်သက်အောင် လုပ်မယ်ဆိုရင်တော့ မီးကို မီးနဲ့ တုံ့ပြန်ရမှာပဲ။ အဲဒါကို ကိုယ့်ကိုယ်ကိုယ် ခုခံတယ်လို့ ခေါ်တယ်။ ခင်ဗျား ကျုပ်ကိုထိုးရင် ကျုပ်ရှောင်လိုက်မယ်။ ဒုတိယအကြိမ် ထိုးမယ်။ ကျုပ် ထပ်ပြီး ရှောင်မယ်။ ကျုပ်ကို တတိယအကြိမ် ထိုးမယ်ဗျာ။ အဲဒါဆို ကျုပ် ခုခံရတော့မယ်။ ဟုတ်လား။ ကျုပ်ကို အားသုံးပြီး ထိုးမယ်ဆိုရင် ကျုပ်ကလည်း အားသုံးပြီး ပြန်ခုခံရတော့မှာပေါ့” လို့ ပြောပါတယ်။
အိုင်တီကုမ္ပဏီ ပရောဂျက်မန်နေဂျာ ကျိုးလျန်ကလည်း “ဒီကိစ္စကို ဟောင်ကောင်က ဖြေရှင်းနိုင်စွမ်း ရှိပါတယ်။ ဟောင်ကောင်က တနိုင်ငံ စနစ်နှစ်မျိုးနဲ့ သွားနေတာမဟုတ်လား။ ပြည်မကြီးကို လွှဲပေးတုန်းက ပြည်မကြီးက တနိုင်ငံ စနစ်နှစ်မျိုး သတ်မှတ်ချက်အရ ဟောင်ကောင်ရဲ့ ဒေသဆိုင်ရာ ဥပဒေတွေနဲ့ ဓလေ့ထုံးစံတွေကို လေးစားလိုက်နာခဲ့တယ်။ အဲဒီစနစ်အတွင်းမှာကိုက ပြီးပြည့်စုံတဲ့ ဖွဲ့စည်းပုံက ရှိနေပြီးသားပါ” လို့ ဆိုပါတယ်။
“လောလောဆယ် ဟောင်ကောင်အခြေအနေက စိုးရိမ်စရာကောင်းပါတယ်။ ရုပ်သံလိုင်းပေါင်းစုံကနေ အမျိုးမျိုးကို လွှင့်နေတာ။ ဟောင်ကောင်နဲ့ပတ်သက်ပြီး ကျေနာ့်အမြင်ကို ပြောရရင်တော့ မူတခုတည်းကိုပဲ စွဲစွဲမြဲမြဲ ယုံကြည်တယ်။ အဲဒါကတော့ ဟောင်ကောင်ဟာ တရုတ်ပြည်မကြီးနယ်မြေ ဖြစ်တယ်ဆိုတာရယ်၊ ကျေနာ်တို့မှာ ဟောင်ကောင်မရှိလို့ မဖြစ်ဘူး ဆိုတာရယ်ပါ။ ကျေနာ် ဟောင်ကောင်ကို ချစ်တယ်။ တရုတ်နိုင်ငံကိုလည်း ချစ်တယ်။ အားလုံးဟာ တရုတ်လူမျိုးတွေပါပဲ” လို့ ဈေးကွက်ရှာဖွေရေးဝန်ထမ်း စတက်ဖန်က ပြောပါတယ်။
တရုတ်အစိုးရ လက်နက်ကိုင်ရဲတပ်ဖွဲ့ လေ့ကျင့်တာတွေက ဟောင်ကောင်အရေးကို တရုတ်အစိုးရ တိုက်ရိုက်ကိုင်တွယ်မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကို ပေါ်လွင်စေပါတယ်။
ဟောင်ကောင်မှာ အကြမ်းဖက်မှု ဒါမှမဟုတ် အကြမ်းဖက်လုနီးနီး အခြေအနေ ဆက်ဖြစ်နေရင် တရုတ်အစိုးရအနေနဲ့ ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးဆိုတဲ့ သိသိသာသာ ခြိမ်းခြောက်မှုတွေကိုလည်း နိုင်ငံပိုင်သတင်းဌာနကနေ ထုတ်လွှင့်ခဲ့ပါတယ်။
DVB

0 comments:

Post a Comment