
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် AA နှင့်ပတ်သက်၍ ကြားဝင်ညှိနှိုင်းရန်လိုအပ်ပါက ကူညီရန်အဆင်သင့်ရှိကြောင်း ရခိုင်အမျိုးသားပါတီမှ မြေပုံမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောဆိုသည်။
"နိုင်ငံတော်အစိုးရက ညှိနှိုင်းပေးဖို့ ဆန္ဒရှိတယ်ဆိုရင် အလွယ်လေးပဲ။ အဲဒီလို မဟုတ်ဘဲနဲ့ ကျွန်တော်တို့ကသွား ပြီးတော့ ကျွန်တော်တို့လုပ်ပါရစေဆိုပြီး အေအေကို သွားပြော၊ အစိုးရကိုသွားပြော၊ အဲဒီလိုသွားပြောရင် ကျွန်တော်တို့ အကြမ်းဖက်ကိုအားပေးသလို ဖြစ်နေမှာပေါ့။ ကျွန်တော်တို့ နိုင်ငံတော်အစိုးရက လိုအပ်တယ်။ ဒါ ကြားခံအဖွဲ့အစည်းတစ်ဖွဲ့တစ်ခုခု လိုအပ်တယ်။ အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်တွေကြားဝင်ဖို့ လိုအပ်တယ်ဆိုရင်တော့ကျွန်တော်တို့ ဘက်က လုပ်ပေးဖို့ အဆင်သင့်ပဲ၊ ကူညီဖို့အဆင်သင့်ပဲ" ဟု ၎င်းကပြောဆိုသည်။
သြဂုတ် ၈ ရက်က ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ၎င်းက မီဒီယာများသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတပ်မတော်နှင့် အေအေအဖွဲ့တို့ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ပလက်ဝ၊ ကျောက်တော်၊မြောက်ဦးမှ အခြားမြို့များသို့ကူးစက်၍ တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ငြိမ်းချမ်းရေးရစေလိုကြောင်း ဦးဖေသန်းက ပြောဆိုသည်။
"အဓိကကတော့ ငြိမ်းချမ်းရေးရစေချင်တာပေါ့။အေအေကို အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်မယ်။အေအေကို ရခိုင်ပြည်နယ်ထဲမှာ ခြေချခွင့် မပြုဘူးဆိုတာလက်တွေ့နဲ့ယှဉ်ရင် တော်တော်ကို လွဲသွားပြီ။ လွဲနေတယ်။ အဲဒီလိုမျိုးသတ်မှတ်ထားမယ်ဆိုရင်တော့ ငြိမ်းချမ်းရေး ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူး။ ဒီအခြေအနေကို ဥပေက္ခာပြုပြီးတော့ မင်းတို့လာရာကို ပြန်သွားကြ။အဲဒီလိုပြောလို့ကတော့ ဘယ်လိုမှ လက်တွေ့မကျဘူး။မဖြစ်နိုင်တာကို ပြောနေတယ်လို့ပဲ ကျွန်တော်တို့ကမြင်တယ်" ဟု ၎င်းင်းက ပြောဆိုသည်။
အကယ်၍နိုင်ငံတော်အစိုးရအနေဖြင့် အေအေအဖွဲ့နှင့် ညှိနှိုင်းရန်လိုအပ်ပါက ပူးပေါင်းဆောင်ရွက်ရန်အဆင်သင့်ရှိကြောင်း သိရသည်။
"ဒါပေမဲ့ စစ်ရေးဆိုတော့ ကျွန်တော်တို့ဘက်ကသိပ်ပြီး စွန့်စားလို့တော့ မရဘူး။ ဘေးကျပ်နံကျပ်ဖြစ်မှာလည်း စိုးတယ်။ တကယ်လို့သာ နိုင်ငံတော်အစိုးရကတောင်းဆိုလာရင် ကြားဝင်ဖြေရှင်းပေးဖို့၊ ပူးပေါင်းဆောင်ရွက်ပေးဖို့ အဆင်သင့်ပဲ" ဟု ဦးဖေသန်းက ပြောဆိုသည်။
ထို့ပြင် အစိုးရအနေဖြင့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဆွေးနွေးနေသကဲ့သို့အေအေအဖွဲ့ကိုလည်း ငြိမ်းချမ်းရေးဘောင်အတွင်းသို့သဘောထားကြီးကြီးဖြင့် ခေါ်ယူကာ ငြိမ်းချမ်းရေးရရှိစေရန် အနည်းဆုံးBilateral ထိုးနိုင်စေရေး စီစဉ်ပေးနိုင်ပါက လွန်စွာကောင်းမည်ဟု ၎င်းင်းကပြောဆိုသည်။
"အေအေကတော့ သူတို့ကလည်း ငြိမ်းချမ်းရေးယူမယ်လို့ပြောထားတာပဲ။ ဒါပေမဲ့ ကွန်ဖက်ဒရိတ်တို့၊ လွတ်လပ်ရေးတို့ပြောနေတာပေါ့လေ။ တကယ်တမ်းကတော့ဆွေးနွေးဖို့လိုတယ်။ ဘယ်အဆင့်မှာ တူညီမလဲဆိုတဲ့ဘုံသဘောတူညီချက်တော့ တစ်ချိန်ချိန်မှာ ရောက်သွားမှာပါ။ ဒါ အေအေဘက်ကလည်း ကျွန်တော်တို့နိုင်ငံ၊ကျွန်တော်တို့ရခိုင်ပြည်နယ်ရဲ့ စိန်ခေါ်မှုတွေအများကြီးကြားထဲမှာ ကျွန်တော်တို့ဘက်ကလည်း ပြောရမယ်ဆိုရင်လည်း ငြိမ်းချမ်းရေးဘောင်အတွင်းကို အစိုးရနဲ့သဘောတူညီဖို့၊ နှစ်ဖက်ဆွေးနွေးဖို့ ဒီလမ်းကိုပဲ ဆက်လျှောက်ပါလို့ ကျွန်တော်တို့ဘက်က ပြောချင်တယ်"ဟု ဦးဖေသန်းက ပြောဆိုသည်။
သတင်း - မင်းမင်းထွန်း






0 comments:
Post a Comment