
ထိုင်းနိုင်ငံ၊ ဖူးခက်ခရိုင်၊ ရဝိုင်မြို့နယ်အတွင်း ၁၁-၈-၂၀၁၉ ရက်နေ့ ၁၄:၃၀ နာရီ၌ Phuket Build Co., Ltd မှ တာဝန်ယူဆောက်လုပ်ဆဲ VIP Galaxy ကွန်ဒိုအဆောက်အဦ ဒုတိယထပ်တွင် ကွန်ကရစ်ကြမ်းခင်းလောင်းနေစဉ် အလေးချိန်မနိုင် ခြင်းကြောင့် ပြိုကျသွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။ ဖြစ်စဉ်အစပိုင်းတွင် ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦး အပြင် အဆောက်အဦအတွင်း ပိတ်မိနေသူ ၂ ဦး ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိသူ ကိုပေသီး ကို လုပ်ငန်းခွင်မှ ဆေးရုံးသို့ ပို့ဆောင်စဉ် လမ်းခရီးတွင် ၁၄:၄၀ နာရီ၌ သေဆုံးခဲ့ပြီး ကျန်အလုပ်သမား ၈ ဦးကို Vachira Phuket Hospital ၌ကုသပေးခဲ့ပါသည်။
ပြိုကျသည့် အဆောက်အဦအတွင်း ပိတ်မိနေသူ ကိုမင်းနိုင် အား ၁၂-၈-၂၀၁၉ ရက်နေ့ ၀၂:၃၀ နာရီ၌ လည်းကောင်း၊ ကိုတင်ထွန်း အား ၁၂-၈-၂၀၁၉ ရက်နေ့ ၀၈:၀၀ နာရီ၌ လည်းကောင်း ထိုင်းနိုင်ငံ အစိုးရ အာဏာပိုင်အဖွဲ့များနှင့်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ ကယ်ထုတ်နိုင်ခဲ့သော်လည်း ယင်းတို့အား ဆေးရုံသို့ရောက်ရှိချိန်တွင် သက်ဆိုင်ရာ ဆရာဝန်များမှ သေဆုံးခဲ့ပြီး ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါသည်။
၁၂-၈-၂၀၁၉ ရက်နေ့တွင် ထိခိုက်ဒဏ်ရာရရှိသူများမှ ကိုသန်းထွန်း ပါ ၆ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများ ဖြစ်သည့်အတွက် ဆေးရုံမှ ဆင်းပေးခဲ့ပြီး ယင်းတို့အား ပြင်ပလူနာအဖြစ် ကုသစေခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိသူ ကိုဝင်းစိုးမှာ ညာလက်မောင်း အရိုးကျိုးခြင်း၊ ဘယ်ဘက်နံရိုးကျိုးခြင်း၊ ခါးရိုးအဆစ်အမှတ် D4 ထိခိုက်ဒဏ်ရာရခြင်း၊ ကိုနိုင်စိုးမှာ ညာဘက်ခြေထောက်ကျိုးခြင်း၊ ဘယ်ဘက်ခြေထောက် ထိခိုက်ဒဏ်ရာရခြင်း၊ တင်ပဆုံရိုး ထိခိုက်ဒဏ်ရာရခြင်း များကြောင့် Vachira Phuket Hospital တွင် အတွင်းလူနာအဖြစ် ကုသလျှက် ရှိပါသည်။
လက်ရှိတွင် ယင်းဆောက်လုပ်ဆဲအဆောက်အဦအား ခေတ္တပိတ်ထားပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများမှ အဆောင်အဦပြိုကျသည့်အကြောင်းအရင်း၊ လုံခြုံရေးဆိုင်ရာအားနည်းချက်များနှင့် စံချိန်စံညွှန်းနှင့်ကိုက်ညီမှုရှိ/မရှိ တို့အား စစ်ဆေးလျှက်ရှိပါသည်။
သေဆုံးခဲ့သူ ၃ ဦးအတွက် ၁၃-၈-၂၀၁၉ ရက်နေ့ ၂၀:၀၀ နာရီတွင် သက်ပျောက်တရားနာခြင်းကို ဆောင်ရွက်ခဲ့ပြီး ရုပ်အလောင်းများကို ၁၄-၈-၂၀၁၉ ရက်နေ့ ၁၂:၀၀ နာရီတွင် မိသားစု၏ ဆန္ဒနှင့်အညီ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာဖြင့် မီရှို့ သဂြိုဟ်မည်ဖြစ်ပြီး အရိုးပြာများကို မိသားစုထံသို့ သက်ဆိုင်ရာ အေဂျင်စီများမှ တာဝန်ယူပို့ဆောင် သွားမည် ဖြစ်ပါသည်။
ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများအတွက် ထိုင်းနိုင်ငံ၏ ဥပဒေနှင့်အညီ ရပိုင်ခွင့်နှင့် အကျိုးခံစားခွင့်များရရှိနိုင်ရန် အလုပ်သမား သံအရာရှိ ဦးကျော်စိုးဝေ၊ သက်ဆိုင်ရာ အေဂျင်စီများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။




အလုပ်သမားသံအရာရှိရုံး
ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ
LA-Thailand
အကုန်သိသတင်းဌာန






0 comments:
Post a Comment