မြန်မာနိုင်ငံရှိ ရေဘေးသင့်ဒေသများသို့ ကျပ်သိန်း ၃၀၀၀ ကျော်ထောက်ပံ့ပေးထားသည့်အပြင် ရေသန့်ဆေးများကိုပါ ဖြန့်ဝေပေးထားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။
သြဂုတ်လ (၁၃)ရက်ကကျင်းပသော ဘေးသင့်ဒေသများအမြန်ပြန်လည် ထူထောင်ရေးပေါင်းစပ်ညှိနှိုင်းမှု အဖွဲ့၏ ကြိုတင်ညှိနှိုင်းအစည်းအဝေးတွင် ယင်းကဲ့သို့ပြောခြင်းဖြစ်သည်။
“ မြန်မာနိုင်ငံတစ်ဝှမ်းမှာတိုင်းဒေသကြီး၊ ပြည်နယ်အများစု၌ ရေကြီးနစ်မြုပ်မှုများဖြစ်ပွားလျက်ရှိတာတွေကို အားလုံးသိရှိပြီးဖြစ်ပါတယ်။ ဒေသတချို့မှာရေများပြန်လည်ကျဆင်းနေပေမဲ့ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၊ တနင်္သာရီတိုင်းဒေသကြီးများတွင် ရေဘေးရှောင်စခန်းတွေကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ထောက်ပံ့တန်ဖိုးငွေ ကျပ်(၃,၄၄၅)သိန်းကျော်ကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါတယ်။ ဆက်လက်ထောက်ပံ့မှုများကို လိုအပ်ချက်အတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သောက်ရေ၊ သုံးရေသန့်ရှင်းမှုအတွက် အသုံးပြုရန်ရေသန့်ဆေးများကို ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ ထပ်မံလိုအပ်သောရေသန့်ဆေးများကိုလည်း ဖြန့်ဝေသွားရန် စီစဉ်လျက်ရှိပါတယ်။”ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။
လက်ရှိ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၊ တနင်္သာရီတိုင်း ဒေသကြီးများတွင် ရေဘေးရှောင်စခန်း (၁၆၆)ခုရှိကာ လူဦးရေ (၇၉၃၈၉) ဦး ကျန်ရှိနေသေးကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ပြီးခဲ့သည့် ဇွန်လ (၂၅)ရက်မှစတင်ကာ မုတ်သုံမိုးအားကောင်းမှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများဖြစ်ပွားခဲ့ပြီး မွန်ပြည်နယ်တွင် လူသေဆုံးမှုများပင် ရှိခဲ့သည်။
ယင်းဖြစ်ရပ်များအတွက် သြဂုတ်လ (၁၃)ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ နေ့တွက်စရိတ် ကျပ်သိန်း ၂၂၅ သိန်းကိုလှူဒါန်းကြောင်း ကြေညာခဲ့သည်။
ရေဘေးသင့်ဒေသများသို့ အနယ်နယ်အရပ်ရပ်မှ ပရဟိတအဖွဲ့အစည်းများလည်းသွားရောက်လှူဒါန်းနေကြပြီး အကူအညီများလိုအပ်နေဆဲဖြစ်ကြောင်းသိရသည်။
ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )






0 comments:
Post a Comment