
ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ နေရပ်စွန့်ခွာသွားသူတွေထဲက လူဦးရေ(၃၅၀၀)ခန့်ကို ဒီသီတင်းပတ်ထဲမှာ ပြန်လည်လက်ခံမယ့်လုပ်ငန်းစဉ်အတွက် မြန်မာနိုင်ငံဘက်က အဆင်သင့်ပြင်ထားတယ်လို့ လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
ပြန်လည်လက်ခံရေးစခန်းတွေကတစ်ဆင့် ပြန်လည်လက်ခံရေးနဲ့ နေထိုင်ရေးတွေအတွက် စီစဉ်ထားရှိတာဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ကတော့ နဂိုကတည်းက စီစဉ်ထားတယ်။ ပြန်လည်လက်ခံရေးစခန်းနှစ်ခုရှိတယ်။ ရေလမ်းဆိုရင် ငါးခူရ၊ ကုန်းလမ်းဆိုရင် တောင်ပြိုလက်ဝဲ။ နောက်ပြီးရင် ကြားခံအနေနဲ့ လှဖိုးခေါင်ကြားစခန်းဆိုတာရှိတယ်။ ဘယ်ကပို့ပို့ ကမန်တော်တို့က လက်ခံလို့ရတယ်။ အဲဒီမှာ တစ်ညထက် ပိုနေလို့မရဘူး။ အဲကပြီးသွားတာနဲ့ ကြားစခန်းကိုရောက်မယ်။ အကယ်၍ သူတို့က နဂိုအိမ်ရှိတယ်။ ဆောက်ပြီးသားအိမ်ရှိတယ်ဆိုရင် အဲဒီအိမ်ကိုသွားမယ်ပေါ့။ မရှိဘူးဆိုရင်တော့ နေရာတွေက သတ်မှတ်ထားပြီးသားပေါ့။ အရင်တုန်းက ဘယ်မှာနေသွားလဲ၊ အဲဒီနေရာနဲ့ အနီးဆုံးနေရာတွေမှာ စီစဉ်ထားတယ်” လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်သံရုံးကတစ်ဆင့် ပြန်လည်ပို့ဆောင်ဖို့ညှိနှိုင်းခဲ့ပြီးနောက် လာမယ့် သြဂုတ်(၂၂)ရက်မှာ အစီအစဉ်ဖြစ်နိုင်တဲ့ အနေအထားရှိတယ်လို့ ၀န်ကြီးကဆိုပါတယ်။
နေရပ်ပြန်မယ့်သူတွေဟာ ကိုယ့်သဘောနဲ့ကိုယ် ပြန်တာသာဖြစ်ပြီး ဖိအားပေးပြန်ပို့တာမျိုးလုံးဝမရှိဘူးလို့လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ကော်မရှင်တာဝန်ရှိသူကပြောကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

သတင်း - စန်းသီရိခင်






0 comments:
Post a Comment