
နေရပ်ပြန်ဖို့  စာရင်းပေါက်ပြီးဖြစ်တဲ့ ဘင်္ဂါလီ(မူရင်းအသုံး ရိုဟင်ဂျာ) ၃၅၄၀ ရဲ့ သဘောထားတွေကို သိနိုင်ဖို့  ယင်းတို့ထဲက ၁၀၀ ၀န်းကျင်ကို ကော့ဘဇားဒေသ တက်ခ်နက်ရှိ Shalbagan ဒုက္ခသည်စခန်းမှာ အင်္ဂါနေ့ မနက်ပိုင်းက တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံ ပြန်မပို့ မီ ၄င်းတို့ ရလိုတဲ့ အချက်တွေနဲ့ပတ်သက်တဲ့ သဘောထားတွေကို ဘင်္ဂါလီဒုက္ခသည်တွေက ပြောဆိုခဲ့ကြပါတယ်။
ယင်းတွေ့ဆုံမှုအတွင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ပြန်လည်ထူထောင်ရေးနဲ့ နေရာချထားရေး ကော်မရှင် RRRC တို့ က ဘင်္ဂါလီတွေကို မေးမြန်းမှုတွေ လုပ်ခဲ့တယ်လို့  သိရပါတယ်။ တွေ့ဆုံခဲ့တဲ့ ဘင်္ဂါလီတွေအနက် အများစုက မြန်မာနိုင်ငံ မပြန်လို ကြောင်းဆိုခဲ့ကြကာ ၄င်းတို့ အတွက် လုံခြုံရေး၊ နိုင်ငံသားဖြစ်ခွင့်နဲ့  အရင်လို ဖိနှိပ်မှု နှိပ်စက်မှုတွေ မခံရမယ့် နေရာတစ်ခုရလိုကြောင်း ပြောဆိုခဲ့ကြတယ်လို့  ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ အဆိုအရ မြန်မာဘက်မှာ ဖိနှိပ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ရောက်ရှိနေတဲ့ အမျိုးသမီးနဲ့ ကလေးအများစုပါ ဘင်္ဂါလီ ၁၁၈၅၅၅၇ ဦး ရှိနေတယ်လို့ ဆိုကာ ၄င်းတို့ တွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အူခီယာ၊ တက်ခ်နက်ဒေသတွေရှိ ဒုက္ခသည်စခန်း ၃၀ လောက်မှာ နေထိုင်နေကြကြောင်း သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့ လာတဲ့ ဒုက္ခသည် ၂၂၀၀၀ ကျော်ပါ စာရင်းအနက်က လူဦးရေ ၃၄၅၀ ဦးကို မြန်မာဘက်က စိစစ်အတည်ပြုပေးခဲပြီးဖြစ်ကြောင်း ပြီးခဲ့တဲ့ သောကြာနေ့ က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုပါတယ်။ ယင်း လူဦးရေကို သြဂုတ် ၂၂ ရက်မှာ စတင်လက်ခံပေးသွားဖို့  ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့  ညှိနှိုင်းပြောဆိုခဲ့ပြီးဖြစ်ကာ ၄င်းတို့ ကို အုပ်စု ၇ ခုခွဲကာ နေရပ်ပြန်ပို့ မှုလုပ်သွားမှာဖြစ်ကြောင်းလည်း ၄င်းက ပြောဆိုခဲ့ပါတယ်။
ယခင်တစ်ကြိမ်ကလည်း ဘင်္ဂါလီဒုက္ခသည်နေရပ်ပြန်ပို့ရေး အစီအစဉ်စတင်ဖို့ လုပ်ခဲ့သေးပေမယ့် ဒုက္ခသည်တွေရဲ့ ကန့်ကွက်မှုကြောင့် အစီအစဉ် ပျက်ပြားသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ပြန်ပို့ ရေးလုပ်ငန်းစဉ် စတင်ဖို့ လုပ်ခဲ့တာဖြစ်ပြီး ဒုက္ခသည်စခန်းတွေမှာ ရှုပ်ထွေးတဲ့ကိစ္စတွေ၊ စိုးရွံမှုတွေ ပေါ်ပေါက်ခဲ့ကာ ဒုက္ခသည်တွေက ဆန့်ကျင်ကန့်ကွက်မှုတွေ ဖြစ်ခဲ့ပြီးနောက် နောက်ဆုံးမှာ အစီအစဉ် ပျက်ခဲ့ပါတယ်။
Ref : Dhaka Tribune
ကိုလင်း ( အကုန်သိ သတင်းဌာန )






0 comments:
Post a Comment