ပညာရေးကောလိပ် ကျောင်းသားတွေအပေါ် ဖိနှိပ်မှုတွေရပ်တန့်ပေးဖို့ ဖဲကြိုးစိမ်းကမ်ပိန်းလှုပ်ရှားမှုကို ဘားအံပညာရေးကောလိပ်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး ကရင်ပြည်နယ်၊ ဘားအံပညာရေးကောလိပ် ကျောင်းဝန်းမှာ သြဂုတ် ၂၄ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုကို BA(Edu)၊ B.Sc(Edu) ပညာရေးဘွဲ့တွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့၊ အခြေခံပညာကနေ အဝေးသင်တက်ရောက်ရာမှာ လုံလောက်တဲ့ခွင့်ရရှိဖို့၊ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂတွေအပေါ် ဖိနှိပ်မှုတွေရပ်တန့်ပေးဖို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာပါ။
ဘားအံပညာရေးကောလိပ်၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မောင်အောင်ဆန်းဦး က “ကျနော်တို့ကတော့ တရားမျှတမှုရှိရှိ ဖြစ်ချင်တာကို သူတို့ဘက်က ပွင့်ပွင့်လင်းလင်းလုပ်ပေးနိုင်ဖို့ အဓိကလိုချင်တာ။ သူတို့က စကားကို ပွင့်ပွင့်လင်းမပြောဘူး။ ကျနော်တို့အတွက် အများကြီးဒုက္ခရောက်တယ်။ ဒီအတွက် ကြုံတွေ့လာရတဲ့အခက်အခဲ ပြဿနာတွေကို ဝန်ကြီးဌာနတင်ပြပေမယ့် သူတို့ဘက်က ထိထိရောက်ရောက် တာဝန်ယူမှုမရှိတဲ့အတွက် ကျနော်တို့လှုပ်ရှားမှုမှန်သမျှ ထိထိရောက်ရောက် တာဝန်ယူပေးစေချင်တယ်” လို့ ပြောပါတယ်။
သြဂုတ် ၂၂ ရက်က စစ်ကိုင်း၊ မကွေးနဲ့ ဘိုကလေးပညာရေးကောလိပ်တွေမှာ ဖဲကြိုးစိမ်းလှုပ်ရှားမှုတွေ တပြိုင်တည်ပပြုလုပ်ခဲ့သလို ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားပညာရေးကောလိပ်တွေမှာပါ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။
အခုတောင်းဆိုချက်တွေဟာ နိုင်ငံတဝန်းက ပညာရေးကောလိပ်ကျောင်းသား ကျောင်းသူတွေနဲ့ တိုက်ရိုက်သက်ဆိုင်ရုံသာမက ပညာရေးကောလိပ်ဆင်းတွေ၊ အခြေခံ ဆရာ ဆရာမတွေနဲ့လည်း သက်ဆိုင်နေတဲ့အတွက် ပူးပေါင်းပါဝင်လုပ်ဆောင်ပေးကြဖို့ ဘားအံပညာရေး ကျောင်းသားသမဂ္ဂက တိုက်တွန်းထားပါတယ်။
သတင်း- ရဲမင်းခေါင်
DVB
0 comments:
Post a Comment