ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို တရုတ်နိုင်ငံအနေနဲ့ ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဩဂုတ် ၂၂ ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမမှာတွေ့ဆုံရာမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်ကပြောကြားခဲ့တာလို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ချက်အရ သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ လည်းဆိုပါတယ်။
တွေ့ဆုံစဉ် ပြင်ဦးလွင်မြို့နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချကြောင်း၊ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တရုတ်နိုင်ငံက ကူညီဆောင်ရွက်ပေးနေမှုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ တိုးတက်မှုရရှိဖို့ လုပ်ဆောင်နိုင်မယ့် အခြေအနေတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကြောင်းပြပြီး နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ဖိအားပေး ဆောင်ရွက်နေမှုတွေကို တရုတ်နိုင်ငံက လက်မခံဘဲ မြန်မာနိုင်ငံဘက်က ရပ်တည်ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး
DVB






0 comments:
Post a Comment