Wednesday, August 21, 2019

ကလေးသူငယ် လိင်ပိုင်းစော်ကားမှုနဲ့ ပြစ်ဒဏ်ချခံရသည့် ကာဒီနယ် ဂျော့ဂ်ျပဲလ် အယူခံရှုံးနိမ့်

ကလေးသူငယ်တွေကို လိင်ပိုင်းစော်ကားမှုနဲ့ ပြစ်ဒဏ်ချခံရတဲ့ ဗာတီကန် ဘဏ္ဍာထိန်းဟောင်း ကာဒီနယ် ဂျော့ဂျ်ပဲလ်ရဲ့ အယူခံ ရှုံးနိမ့်ပြီးနောက် သြဂုတ် ၂၁ ရက်နေ့က ဂျော့ဂျ်ပဲလ်ဟာ အကျဉ်းထောင်ကို ပြန်သွားခဲ့ရပါတယ်။

တရားရုံးဆုံးဖြတ်ချက်အရ ဂျော့ဂျ်ပဲလ်ဟာ နောက် ၃ နှစ်ထက်မနည်း ထောင်ဒဏ် ဆက်လက်ကျခံရမှာပါ။
၁၉၉၀ နှောင်းပိုင်းကာလ မဲလ်ဘုန်းဂိုဏ်းချုပ်အဖြစ် တာဝန်ယူစဉ်က ပဲလ်ဟာ စိန့်ပက်ထရစ်ဘုရားကျောင်းမှာ ဆယ်ကျော်သက် ယောကျာ်းလေးနှစ်ယောက်ကို လိင်ပိုင်းစော်ကားမှုနဲ့ ပြီးခဲ့တဲ့ မတ်လတုန်းက ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်ချမှတ်ခံရပါတယ်။
အဲဒီလို ပြစ်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ပဲလ်က ဗစ်တိုးရီးယား အယူခံတရားရုံးမှာ အယူခံဝင်ခဲ့တာပါ။
ဂျော့ဂျ်ပဲလ် အယူခံဟာ အကြောင်းပြချက် ၃ ချက်အပေါ် အခြေခံပေမယ့် အဓိကကတော့ ရုံးတင်စစ်ဆေးစဉ်ကာလ သက်သေပေါ်အခြေခံပြီး ဂျူရီအဖွဲ့ ချမှတ်တာဟာ ကြောင်းကျိုးမဆီလျော်ဘူးဆိုပြီး တင်ပြပါတယ်။
ဒါ့အပြင် ပဲလ်က တရားသူကြီးဟာ တရားခံရဲ့ အပိတ်လျှောက်လဲချက်ကိ အထောက်အပံ့ပြုတဲ့ ဗွီဒီယိုအန်နီမေးရှင်း ပြသခွင့်ကို တားဆီးခဲ့တယ်လို့လည်း အယူခံဝင်ခဲ့ပါတယ်။
နောက်ပြီး ရုံးတော် ဗွီဒီယိုလင့်ခ်ကနေ အယူခံဝင်တာထက် ပဲလ်အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ရုံးတော် ဂျူရီတွေရှေ့မှာ အယူခံတင်သင့်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
ပဲလ်ရဲ့ အယူခံအပေါ် တရားသူကြီး ၃ ယောက်က ကြားနာဆုံးဖြတ်ပြီး အယူခံရှုံးနိမ့်ခဲ့တာပါ။ ပဲလ်အပေါ် ချမှတ်လိုက်တဲ့ ပြစ်ဒဏ်အရ သူ့ကို ၂၀၂၂ အောက်တိုဘာလမှ ခံဝန်ချက်နဲ့ လွှတ်ပေးမှာ ဖြစ်ပြီး အဲဒီအချိန် ပဲလ်ရဲ့အသက်ဟာ ၈၁ နှစ် ရှိလိမ့်မယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
DVB

0 comments:

Post a Comment