
လာမယ့်အောက်တိုဘာနဲ့ နိုဝင်ဘာလကစတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသက်(၉)လကနေ (၅)နှစ်အတွင်းရှိ ကလေးငယ်(၄)သန်းကို ဝက်သက်နဲ့ ဂျိုက်သိုးကာကွယ်ဆေး ထိုးပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကပြောပါတယ်။
သြဂုတ်(၂၀)ရက်ကကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးကျော်တုတ်ရဲ့ ကမ္ဘာတစ်ဝန်းတိုးပွားလာတဲ့ ဝက်သက်ရောဂါကို မြန်မာနိုင်ငံအနေနဲ့ ကပ်ရောဂါအသွင်ဖြစ်ပွားမလာအောင် ဘယ်လို စီမံဆောင်ရွက်နေလဲဆိုတဲ့မေးခွန်းကိုဖြေကြားရာမှာ အခုလိုထည့်သွင်းပြောကြားခဲ့တာပါ။
“(၉)လကနေ (၅)နှစ်အထိ ကလေးတွေကို ၀က်သက်နဲ့ ဂျိုက်သိုး ပေါင်းပြီးတော့ ကလေး(၄)သန်းကိုထိုးပေးဖို့ ကျွန်တော်တို့ လုပ်နေပါတယ်။ ဆေးတွေလည်းရှိပါတယ်။ မထိုးခင်မှာလည်း လူတွေကိုအသိပေးမှာပါ။ အောက်တိုဘာ၊ နိုင်ဝင်ဘာ စထိုးမှာပါ။ ကျွန်တော်တို့ လုပ်နေပါပြီ”လို့ ဒေါက်တာမြင့်ထွေးကပြောပါတယ်။
ဝက်သက်ရောဂါဟာ တီဘီရောဂါနဲ့ အီဘိုလာရောဂါတွေထက် ကူးစက်မြန်တာကြောင့် ကပ်ရောဂါ မဖြစ်ပွားစေရေး ဆောင်ရွက်ထားတဲ့အခြေအနေကို မေးမြန်းရတာဖြစ်တယ်လို့ မေးခွန်းမေးမြန်းတဲ့ ဦးကျော်တုတ်က ပြောပါတယ်။
ဝက်သက်ရောဂါဟာ ဖွံ့ဖြိုးပြီးဖြစ်တဲ့ အမေရိကန်လိုနိုင်ငံမှာတောင် ဖြစ်ပွားနေဆဲဖြစ်ပြီး ကူးစက်မြန်တာကြောင့် ကာကွယ်ဆေးကို (၉၅)ရာခိုင်နှုန်းလောက်လွှမ်းခြုံနိုင်အောင်ထိုးဖို့လိုတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ လက်ရှိမှာ (၈၀)ရာခိုင်နှုန်းလွှမ်းခြုံနိုင်အောင် ဆောင်ရွက်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေးထိုးတဲ့အခါမှာလည်း ဝန်ကြီးဌာနဘက်ကဆောင်ရွက်နေသလို ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။


သတင်း - ငြိမ်းချမ်းအောင်






0 comments:
Post a Comment