
ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ ရခိုင်ပြည်နယ် ပြန်လည်အခြေချရေးအတွက် ဒုတိယအကြိမ် အစီအစဉ်ကို ဒီကနေ့ စတင်ဖို့ သတ်မှတ်ထားခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်း မရှိပါဘူး။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဘတ်စကား ၅ စီးနဲ့ ထရပ်ကား ၁ဝ စီးကို တက်နဖ်က စခန်းတခုရှေ့မှာ မနက် ၉ နာရီကတည်းက အသင့်ပြင်ထားခဲ့ပေမယ့် မွတ်စလင်ဒုက္ခသည် တဦးတယောက်မှ ပေါ်ထွက်လာခြင်း မရှိဘူးလို့ သိရပါတယ်။
ဒုက္ခသည်တွေက သူတို့ကို လုံခြုံရေး၊ မူလ နေရပ်တွေမှာ ပြန်လည်နေထိုင်ခွင့်ပြုရေးနဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးစတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး အာမခံချက်ပေးဖို့ ပြောကြားနေကြတယ်လို့ ဆိုပါတယ်။
မူလအစီအစဉ်အရ ပထမ အသုတ်အဖြစ် ဒုက္ခသည် ၃၄၅ဝ ကို ဒီကနေ့ ပြန်ပို့ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ရိုဟင်ဂျာ ဒုက္ခသည် မိသားစု ၃ဝဝ နီးပါးကို ပြီးခဲ့တဲ့ ၂ ရက်အတွင်း က တွေ့ဆုံပြီး မိမိတို့ ဆန္ဒအလျှောက် ရခိုင်ပြည်နယ်ကို ပြန်လည်သွားရောက်လိုခြင်း ရှိ မရှိ မေးမြန်းခဲ့ရာမှာ ဘယ်သူကမှ ပြန်သွားဖို့ စိတ်မဝင်စားကြဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရ ဒုက္ခသည်များဆိုင်ရာ ကော်မရှင်မင်းကြီး Mohammad Abul Kalam မိုဟာမက် အဘူလ် ကလမ်း က ပြောပါတယ်။
အဲဒီ မွတ်စလင်ဒုက္ခသည်တွေ ရခိုင်ပြည်နယ်ကို ပြန်လည်သွားရောက်ဖို့ ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ နိုဝင်္ဘာလက စီစဉ်ခဲ့စဉ်ကလည်း တဦးတယောက်မှ ပေါ်ထွက်လာခြင်း မရှိတဲ့အတွက် ပျက်ပြားသွားခဲ့ပါတယ်။ အဲဒီအကြိမ်က သူတို့ကို အဓမ္မပြန်မပို့ဖို့အတွက် ဒုက္ခသည်တွေ အော်ဟစ်ဆန္ဒပြခဲ့ကြပေမယ့် အခု အကြိမ်မှာတော့ ဒုက္ခသည်စခန်းတွေမှာ ငြိမ်သက်နေတယ်လို့လည်း သိရပါတယ်။ သူတို့ကို အဓမ္မပြန် ပို့မှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာစီနာက ကတိပေးထားပါတယ်။
အခုလို ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ပြန်ဖို့ ဒီကနေ့ ထွက်ပေါ်လာခြင်းမရှိတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအာဏာပိုင်တွေရဲ့ ပြောကြားချက်ကို မသိရသေးပါဘူး။
Photo: Dibyangshu SARKAR / AFP
RFA






0 comments:
Post a Comment