
တာဝန်ယူမှု တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရေးအတွက် မြန်မာ- ဂျပန်- အမေရိကန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ဩဂုတ်လ ၂၀ ရက်က ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဖိုရမ်ကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan-MSDP) နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း (Myanmar Investment Promotion Plan-MIPP) တို့အရ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အလားအလာ ကောင်းများအား သိရှိနိုင်ရန်နှင့် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
"အခု Promote လုပ်နေတာကတော့ ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ အများအပြားလာဖို့၊ ဒါကို ဝန်ကြီးက ဦးစားပေးပြီး ဖိတ်ခေါ်နေတာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်လုပ်ငန်းရှင်တွေ အမေရိကန်လုပ်ငန်းရှင်တွေနဲ့ မြန်မာလုပ်ငန်းရှင်တွေ ပူးပေါင်းဆောင်ရွက်ပြီး အခွင့်အလမ်းတွေ ဘယ်လိုပူးပေါင်း ရှာဖွေနိုင်မလဲ။ စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုတိုးချဲ့နိုင်မလဲ။ ဘယ်လိုမြှင့်တင်နိုင်မလဲ။အဲ့ဒီအတွက် လုပ်တာ ဖြစ်ပါတယ်။"ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ၀န်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောသည်။
ယင်း ဖိုရမ်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ ကုန်သည်စက်မှုအသင်းချုပ်၊ ဂျပန်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ အမေရိကန် ကုန်သည်ကြီးများအသင်း၊ ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် အမေရိကန် စီးပွားရေး ဝန်ဆောင်မှုအဖွဲ့တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
" မျော်မှန်းချက်က အဓိကမဟုတ်ဘူး။အဓိကက ဘယ်ကဏ္ဍတွေမှာ ပါဝင်နိုင်ကြမလဲ။ ဘာတွေ အခွင့်အလမ်းရှိမလဲ ဆိုတာတွေကို ဆက်လက် ဆွေးနွေးသွားဖို့ ရှိပါတယ်။ နောက်ပြီးတစ်ယောက်နဲ့ တစ်ယောက် ပူးပေါင်းလုပ်ကိုင်နိုင်မယ့် နယ်ပယ်တွေကို ချဲ့ထွင်မယ်။ မြန်မာပြည်ကို စိတ်ဝင်စားပြီး ဝင်ရောက်ချင်တဲ့ ဂျပန်လုပ်ငန်းရှင်တွေ အမေရိကန်လုပ်ငန်းရှင်တွေ ဝင်လာနိုင်အောင် လမ်းဖွင့်ဆောင်ရွက်ပေးတာဖြစ်ပါတယ်။"ဟု ဦးအောင်နိုင်ဦးကပြောသည်။
ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် မြန်မာနိုင်ငံသား များနှင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အကျိုးရှိစေမည့် တာဝန်ယူမှု ၊ တာဝန်ခံမှုရှိပြီး အရည်အသွေးရှိ၍ ကျင့်ဝတ်လိုက်နာသော ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် မြန်မာနိုင်ငံနှင့်အတူ ရပ်တည် ကြောင်း အမေရိကန်နှင့်ဂျပန်သံရုံးတို့က သတင်းထုတ်ပြန်ထားသည်။
"အမေရိကန် ကုမ္ပဏီတွေဟာ တာဝန်ယူမှု ၊တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ကြဉ်းပါတယ်။ဒေသခံလုပ်သား တွေကို ခန့်အပ်ပြီး လေ့ကျင့်သင်တန်းတွေ ပေးပါတယ်။ အခွန်အခတွေ ပေးဆောင်ပါတယ်။ လာဘ်မထိုးပါဘူး။ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ပြီး ဒေသခံလူမှု အသိုက်အဝန်းတွေအတွက် အကျိုးရှိစေမယ့် ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါတယ်"ဟု အမေရိကန်သံအမတ်ကြီး စကော့မာစီရယ် ကပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အားလုံးပါဝင်နိုင်သော စီးပွားရေးဖွံ့ဖြိုးမှုနှင့် ငြိမ်းချမ်းသော ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးအတွက် အမေရိကန် ပြည်ထောင်စု နှင့် ဂျပန်နိုင်ငံတို့က ဆက်လက်၍ အားပေးကူညီသွားမည် ဖြစ်ကြောင်းသိရသည်။
ယင်းဖိုရမ်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဦးမင်းသူ၊ ဦးသောင်းထွန်းနှင့် ဦးကျော်တင်၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး၊ အမေရိကန်သံအမတ်ကြီးနှင့် သံရုံးများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ JICA နှင့် JETRO တို့မှ ကိုယ်စားလှယ်များ၊ ဂျပန်နှင့် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များနှင့် သတင်းမီဒီယာများ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။






0 comments:
Post a Comment