Thursday, August 22, 2019

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားထားသည့် အမှုတစ်ခုအတွက် ကော်မရှင်၏ စေလွှတ်မှုအရ လာရောက် စစ်ဆေးသည့် အရာရှိတစ်ဦးမှာ အစစ်ဆေးခံရသူအား ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံး စစ်ဆေးခြင်းနှင့် အမှုမဖွင့်စေရန် ငွေကြေးကိစ္စ ညှိနှိုင်းခြင်းများ ရှိသည်ဟုဆိုကာ အစစ်ဆေးခံရသူ၏ ညီမက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြား

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူက မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာသည် တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးရာတွင် လာဘ်ငွေ အဂတိလိုက်စားခဲ့သည်ဟုဆိုကာ တိုင်ကြားခဲ့သည့် အမှုတွင် ကော်မရှင်၏ စေလွှတ်မှုအရ လာရောက် စစ်ဆေးသည့် ဒုတိယညွှန်ကြားရေးမှူး အဆင့်ရှိသူတစ်ဦးမှာ အစစ်ဆေးခံရသူအား ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံး စစ်ဆေးခြင်း၊ အမှုမဖွင့်စေရန်အတွက် ငွေကြေးကိစ္စများ ညှိနှိုင်းခဲ့ခြင်းများ ရှိခဲ့သည်ဟုဆိုကာ အစစ်ဆေးခံခဲ့ရသူ ဘဏ်မန်နေဂျာ၏ ညီမဖြစ်သူက ကော်မရှင်၏ စေလွှတ်မှုအရ လာရောက်စစ်ဆေးသူ ဒုတိယညွှန်ကြားရေးမှူးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ  တိုင်ကြားထားသည့်အမှုကို စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဘဏ်မန်နေဂျာဖြစ်သူ ဒေါ်မာလာတင်သည် တောင်သူအချို့ကို စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ပေးရာတွင် အဂတိလိုက်စားမှုများ ရှိခဲ့သည်ဟုဆိုကာ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း၊ ယင်းတိုင်ကြားမှုဖြင့် ကော်မရှင်၏ စေလွှတ်မှုအရ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်တင် ဆိုသူ ပါဝင်သည့်အဖွဲ့က လာရောက် စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးမှု ရလဒ်များအရ ဒေါ်မာလာတင်သည် လေးအိမ်တန်း ကျေးရွာအုပ်စုမှ တောင်သူ ၁၄ ဦး၏ ၂၀၁၆ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၈၉၇၀၅၆၀ ကို ၂၀-၇-၂၀၁၇ ရက်တွင် ပေးဆပ်သည်ဟု မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းခဲ့ကြောင်း၊ ၂၁-၇-၂၀၁၇ ရက်တွင် ယင်းတောင်သူ ၁၄ ဦးအား ၂၀၁၇ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေသစ် ထုတ်ချေးပေးခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်မှ ချေးငွေပေးဆပ်ရန် ကျန်တောင်သူ ၁၁ ဦး၏ တစ်ဦးချင်း ပြန်လည်ပေးဆပ်သည့် ချေးငွေကျပ် ၁၅၄၁၁၀၀၀ နှင့် ငါးရာခိုင်နှုန်း အတိုးဖြင့် အပိုဆောင်း ပေးရငွေကျပ် ၇၇၀၅၅၀ ကို ဒေါ်မာလာတင်က ကိုယ်တိုင်လက်ခံ ရယူခဲ့ကြောင်း၊ မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမန်နေဂျာ ဒေါ်မာလာတင်သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အတိုး ငါးရာခိုင်နှုန်း ကျပ် ၇၇၀၅၅၀ ကို မိမိကိုယ်ကျိုးအတွက် ရယူခြင်းဖြင့် အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ မြောင်းမြမြို့မရဲစခန်းတွင် မေ ၂၁ ရက်က အမှုဖွင့်တိုင်ကြားခဲ့ပြီး တိုင်းဒေသကြီး တရားလွှတ်တော်တွင် စစ်ဆေးကြားနာမှုကို ခံယူနေရကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ သတင်းထုတ်ပြန်မှုအရ သိရသည်။
အဆိုပါအမှုကို လာရောက် စစ်ဆေးရာ၌ စစ်ဆေးရေးအဖွဲ့တွင် ပါဝင်သူ ဦးမောင်မောင်တင် ဆိုသူသည် ၎င်းလုပ်ပိုင်ခွင့် ရာထူးကိုအသုံးပြု၍ ခြိမ်းခြောက်၊ အနိုင်အထက်ပြု စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းအပြင် ဒေါ်မာလာတင်နှင့်အတူ လိုက်ပါလာသော ညီမဖြစ်သူ ဒေါ်တင်ဇာဇာထွေး ကိုလည်း ဒေါ်မာလာတင်အား အတင်းအဓမ္မ ခြိမ်းခြောက် စစ်ဆေးခြင်း မဟုတ်ကြောင်း၊ ပြေပြေလည်လည် စစ်ဆေးကြောင်း သိရှိရပါသည်ဟုဆိုကာ အဓမ္မသုံး လက်မှတ်ရေးထိုး စေခဲ့ကြောင်း၊ ထို့ပြင် ဦးမောင်မောင်တင် ဆိုသူမှာ “ငါ့ကို ဥပဒေ နားမလည်ဘူးများ မှတ်နေလား။ ငါ ဥပဒေစာအုပ် တစ်အုပ်လုံးကို ဒိုးလိုမွှေ ရေလိုနှောက်ပြီး လက်တစ်လုံးခြား လုပ်လို့ရတယ်။ ငါတို့ အဂတိအဖွဲ့ကို ဘာထင်နေလဲ။ ငါတို့ အဂတိအဖွဲ့က မကျေနပ်ရင် သမ္မတကိုတောင် စစ်ဆေး အရေးယူလို့ရတယ်” ဟု ပြောကြားခဲ့ကြောင်း၊ ယင်းအပြင် ဒေါ်မာလာတင်အား ကျောင်းကုန်းမြို့၌ လာရောက် ဖမ်းဆီးသည့်နေ့တွင် ဒေါ်တင်ဇာဇာထွေးက ဦးမောင်မောင်တင်ကို သွားရောက် တွေ့ဆုံခဲ့ရာတွင် ဦးမောင်မောင်တင်က “အစောတည်းက ငါနဲ့ လာတွေ့ပါလား။ နင့်အစ်မကို စစ်ရန်ဆင့်စာပို့တဲ့အချိန်က ငါ့ဖုန်းနံပါတ် ပေးလိုက်တာပဲ။ နင့်အစ်မ ဆင့်စာရောက်ကြောင်း ငါ့ဆီ ဖုန်းပြန်ဆက်တုန်းကလည်း ငါနဲ့လာညှိရန် ပြောခဲ့တာပဲ။ အဲဒီအချိန်ကသာ ငါ့ကို ၁၅ သိန်း၊ သိန်း ၂၀ ပေးခဲ့ရင် ဒီအမှုဖွင့်ဖြစ်မှာ မဟုတ်ဘူး။ မာနတွေ ခေါင်ခိုက်နေတာကိုး။ အခုတော့ နင့်အစ်မ သုံးနှစ်နဲ့ ငါးနှစ်လောက်တော့ ကျမှာပေါ့”ဟု ဒေါ်တင်ဇာဇာထွေး အား ပြောဆိုခဲ့ကြောင်း ဒေါ်တင်ဇာဇာထွေး၏ တိုင်ကြားစာတွင် ဖော်ပြထားမှုအရ သိရသည်။
“အထူးအားဖြင့် ပြောချက်ထဲမှာ ပါတာကတော့ ငါတို့အဖွဲ့ကို ဘာထင်နေလဲ။ ငါတို့အဖွဲ့ မကျေနပ်လို့ရှိရင် သမ္မတတောင် စစ်ဆေး အရေးယူပိုင်ခွင့် ရှိတယ်ဆိုတဲ့ စကားမျိုးတွေ၊ နင်တို့ ဥပဒေကို ဘယ်လောက် နားလည်လို့လဲ။  ငါက ဥပဒေစာအုပ် တစ်အုပ်လုံးကို ဒိုးလိုမွှေ ရေလိုနှောက် ပြီးတော့ ငါ လက်တစ်လုံးခြား လုပ်လို့ရတယ်ဆိုတဲ့ စကားလုံးတွေ အဲဒီစကားတွေလည်း ပါတယ်။ ဒါတွေက ကျွန်မကို ခြိမ်းခြောက်တယ်လို့လည်း ကျွန်မ ခံယူတဲ့အတွက် အဲဒီလိုမျိုးလည်း ထင်တယ်ပေါ့နော်။ အဲဒီလို မျိုးထင်လို့ တိုင်ကြားတယ်။ သူဆင့်စာပို့ကတည်းက သူ့ဖုန်းနံပါတ်လည်း ထည့်ပေးလိုက်တယ်ပေါ့။ သူဆင့်စာ ပို့ကတည်းက သူနဲ့ လာညှိဖို့လည်း ပြောတယ်ပေါ့။ နင့်အစ်မ အနည်းဆုံး ထောင်သုံးနှစ်နဲ့ ငါးနှစ်တော့ ကျမှာပေါ့ ဆိုတဲ့ စကားကိုလည်း ပြောတယ်။ အဲဒီအတွက် သူ့အနေနဲ့လည်း ဒီအပေါ် ဒီအဖွဲ့အစည်းကနေ လာစစ်သွားပြီးတော့ သူ့အနေနဲ့ ထောင်ချပိုင်ခွင့် မရှိဘူးလို့ ထင်တယ်။ နောက်ပြီးတော့ ဥပဒေ မြန်မာနိုင်ငံမှာ ဥပဒေအရ ဥပဒေရုံး တရားရုံးဆိုတာမျိုးက မြန်မာနိုင်ငံမှာ ထိပ်ဆုံးမှာ ရှိတယ်လို့ပဲ ထင်တယ်။ မြန်မာနိုင်ငံမှာ တရားရုံးက ချမှတ်တဲ့ဟာကိုပဲ အတည်ယူရမယ်လို့ ကျွန်မထင်တယ်။ အဲဒါအတွက်ကြောင့်မို့ သူ့အနေနဲ့ပြောပြီး သုံးနှစ်တို့ ငါးနှစ်တို့ ချပိုင်ခွင့် မရှိဘူးလို့ထင်လို့ ကျွန်မအနေနဲ့ မတရားဘူးထင်လို့ ကျွန်မတိုင်တာ။ လာစစ်ပြီးသွားပါပြီ။ လာစစ်သွားတဲ့ အရာရှိတွေကလည်း အေးအေးချမ်းချမ်းနဲ့ပဲ စစ်သွားပါတယ်”ဟု ဒေါ်တင်ဇာဇာထွေးက ဆိုသည်။
အဆိုပါအမှုကို လာရောက် စစ်ဆေးသည့်အဖွဲ့တွင် ပါဝင်သူ ဦးအေးမင်းသောင်းက “အဲဒါရယ် မဟုတ်ပါဘူး။ ကျွန်တော်တို့ ရုံးကိစ္စနဲ့ လာတာပါ။ ရုံးကိစ္စပေါ့။ ဌာနကိစ္စလေးတွေကြောင့်ပါ” ဟု Eleven Media ၏ ဆက်သွယ်မေးမြန်းမှုကို  ပြန်လည် ဖြေကြားခဲ့သည်။

Eleven Media Group

0 comments:

Post a Comment