ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေး သွားလာရခက်ခဲတဲ့ ကော့ကရိတ်မြို့နယ်၊ ကော့လျှမ်းကျေးရွာအနီးဝန်းကျင်က ရေဘေးသင့်နေတဲ့ ပြည်တွင်းရွှေ့ပြောင်းလုပ်သား အိမ်ထောင်စု ၃၀၀ အတွက် အဝတ်အထည်၊ စားသောက်ဖွယ်ရာနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေက သွားရောက်လှူဒါန်းခဲ့ပါတယ်။
ကရင်ပြည်နယ်အတွင်း သြဂုတ်လဆန်းပိုင်းက စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှု၊ ဂျိုင်းမြစ်ရေ တက်လာတာတွေကြောင့် ရေနစ်မြုပ်ခဲ့ပြီး စားဝတ်နေရေး ခက်ခဲတဲ့ ကျေးရွာတွေက ရေဘေးသင့်ပြည်သူတွေကို ခိုင်နှင်းဝေ ပရဟိတလူငယ်များအသင်းက အလှူရှင်တွေကိုယ်စား အသင်း တည်ထောင်သူ သရုပ်ဆောင် ခိုင်နှင်းဝေက ဦးဆောင်ပြီး သွားရောက်လှူဒါန်းခဲ့တာပါ။
ရုပ်ရှင်သရုပ်ဆောင်၊ ခိုင်နှင်းဝေက “သူတို့တွေအကုန်လုံး ဒုက္ခရောက်နေတဲ့အချိန်မှာ ကျမတို့တွေက အိမ်မှာ အေးဆေးနေရတဲ့အချိန် သူတို့ ဒီမှာ ရေကြီးနေကြတယ်။ စားဖို့ သောက်ဖို့ ပြတ်လပ်နေကြတယ်”လို့ ပြောပါတယ်။
ရေကြီးနစ်မြုပ်ခဲ့တဲ့ ရေဘေးသင့်အိမ်ထောင်စု ၃၀၀ အတွက် အဝတ်အထည်၊ စောင်၊ ဆန်၊ ဆီ၊ ငါးသေတ္တာ၊ မီးဖိုချောင်သုံးပစ္စည်းတွေအပြင် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို ပေးအပ်လှူဒါန်းခဲ့တာပါ။
ခုလို လာရောက်လှူဒါန်းတာနဲ့ပတ်သက်ပြီး ကော့လျှမ်းကျေးရွာနေ ဒေါ်သန်းမြင့်က “ရေကြီးတာ အသွားအလာခက်တော့ အစားအသောက်တွေ နည်းနည်းတော့ ခက်တာပေါ့။ ရန်ကုန်ကနေ ဒီအထိလာပြီးတော့ ကူညီပေးတော့ တော်တော်လေး ဝမ်းသာတာပေါ့”လို့ ပြောပါတယ်။
ဒေသတွင်း အလုပ်အကိုင် ရှားပါးတာ၊ ဝင်ငွေနည်းပါးတာတွေကြောင့် မိသားစု စားဝတ်နေရေးအတွက် ရာဘာခြံ၊ လယ်ယာနဲ့ အခြားလုပ်ငန်းတွေမှာ နေ့စားအလုပ် လာရောက်လုပ်ကိုင်သူတွေ ဖြစ်ကြပြီး ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်နဲ့ မကွေးတိုင်းတွေက အများဆုံး လာရောက်ကြတာပါ။
ကော့လျှမ်းကျေးရွာနေ ရွှေ့ပြောင်းလုပ်သား ကိုကျော်မင်းထွန်းက “ရေတအားကြီးတော့ သနားဖို့ ကောင်းတယ်။ အကုန်လုံး နစ်တဲ့သူနစ်။ ငတ်တဲ့သူလည်း ငတ်ကြတယ်။ အကုန်လုံးက စားဖို့ အနိုင်နိုင်ပဲ”လို့ ပြောပါတယ်။
ရွှေ့ပြောင်းလုပ်သား ဒေါ်စန်းရင်က “တော်တော်အခက်အခဲဖြစ်တယ်။ ရေကလည်း တအားများတယ်။ ဒါပေမဲ့ လှေလေးရှိတော့ သွားလာလို့ နည်းနည်း အဆင်ပြေတယ်။ စားရတာတော့ အခက်အခဲ ဖြစ်တာပေါ့”လို့ ပြောပါတယ်။
သြဂုတ်လဆန်းပိုင်းက စတင်ပြီး ဂျိုင်းမြစ်ရေဟာ ကျုံဒိုးမြို့ရဲ့ စိုးရိမ်ရေအမှတ် ၅၅၀ စင်တီမီတာကို ကျော်လွန်ပြီး ၆၃၄ စင်တီမီတာအထိ ရောက်ရှိခဲ့ရာက သြဂုတ် ၁၃ ရက်က စတင်ပြီး ပြန်လည်ကျဆင်းခဲ့ပေမယ့် နေအိမ်တွေ ရေနစ်မြုပ်နေဆဲ ဖြစ်ပါတယ်။
ရဲမင်းခေါင်
DVB






0 comments:
Post a Comment