
မြန်မာနိုင်ငံတွင် ကျရောက်နိုင်သည့် သဘာဝဘေးအန္တရာယ်ကြီးများအနက် ငလျင် ဘေးအန္တရာယ်က အကြီးမားဆုံးဖြစ်မည်ဟု ပညာရှင်များ ယူဆထားကြောင်း ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောဆိုသည်။
နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် သြဂုတ် ၆ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့သော အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင် ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက် မိတ်ဆက်ခြင်း အခမ်းအနားနှင့် မြေငလျင်ဖိုရမ်၌ အဖွင့်အမှာ စကားပြောကြားရာတွင် ၎င်းက ယင်းကဲ့သို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။
"ငလျင်ဘေးအန္တရာယ်ဟာ အခြားမီးဘေး၊ ရေဘေး၊ လေဘေး စတဲ့ ဘေးအန္တရာယ်များလို မကြာခဏ ဖြစ်ပွားလေ့မရှိတဲ့အတွက် အများစု အနေနဲ့ ငလျင်ဘေးအန္တရာယ်ကို မေ့လျော့ ပေါ့ဆနေတတ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျရောက်နိုင်တဲ့ သဘာဝဘေး အန္တရာယ်ကြီးများအနက် ရေရှည်မှာဆိုရင် ငလျင်ဘေးအန္တရာယ် အကြီးမားဆုံးဖြစ်မယ်လို့ ပညာရှင်များက ယူဆထားကြောင်း သိရှိ ရပါတယ်"ဟု ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
ထို့ကြောင့် ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်ရေး နည်းလမ်းများကို ကြိုတင်ပြင်ဆင်အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ထို့ပြင် ကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး မဟာဗျူဟာများ၊ စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ ဥပဒေ/စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းခြင်း၊ ပြည်သူလူထု ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း စသည်တို့ကို ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း ဒုတိယသမ္မတက ပြောဆိုသည်။
"ထိုသို့ ဆောင်ရွက်ရာမှာလည်းတစ်ဦးတည်း၊ တစ်ဖွဲ့တည်းဆောင်ရွက်လို့မရနိုင်ဘဲ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ရပ်ရွာလူထုများ စတဲ့ အားလုံးသော ပါဝင်ပတ်သက်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်"ဟု ၎င်းကပြောဆိုသည်။
မြေငလျင်လှုပ်ခြင်းသည် အခြားသော သဘာဝဘေးအန္တရာယ် များကဲ့သို့ကြိုတင်ခန့်မှန်း၍မရနိုင်ဘဲ မြေငလျင်၏ပြင်းအား၊ မြေငလျင်ဒဏ်ခံရသည့် ဒေသ၏ ထိခိုက်လွယ်မှုအပေါ် မူတည်ပြီးပျက်စီးဆုံးရှုံးမှု ပမာဏ များပြားနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း လှုပ်ခဲ့ သည့် ငလျင်များကို ပြန်ကြည့်မည်ဆိုပါက၂၀၁၁ ခုနှစ် မတ်လကလှုပ်ခဲ့သည့် တာလေငလျင်၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာလကသပိတ်ကျင်း ငလျင်ဘေး၊ ၂၀၁၆ ခုနှစ်ဧပြီလအတွင်း ကလေးမြို့အနီး ဗဟိုပြုလှုပ်ခဲ့သည့် ငလျင်နှင့် သြဂုတ်လတွင်ချောက်မြို့အနီး လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် လူ့အသက် အိုးအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရုံသာမက တန်ဖိုးမဖြတ်နိုင်သည့် ပုဂံမြို့က ရှေးဟောင်းအမွေအနှစ်ဖြစ်သည့်ဘုရား၊ စေတီပုထိုးအချို့ ပြိုကျပျက်စီးခဲ့ကြောင်း ဒုတိယသမ္မတက ပြောဆိုသည်။
ထို့ကြောင့် ကြိုတင်ခန့်မှန်းမရနိုင်သည့် ငလျင်ဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်နိုင်ရေးနှင့် အမြဲအဆင်သင့်ဖြစ်နေစေရေးသည် လွန်စွာအရေးကြီးသောကြောင့် ငလျင်ဘေး ကြိုတင်ဆောင်ရွက်ထားရှိမှုများကို ဆန်းစစ်ရန်လိုအပ်ကြောင်း ၎င်းက မှာကြားသည်။
အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့်တုံ့ပြန်ရေး စီမံချက်ကို ၂၀၀၇ ခုနှစ်မှ စပြီးအလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြီးဆက်နွယ်ပတ်သက်သည့် ဌာနများအဖွဲ့အစည်းအသီးသီးတို့နှင့် ဆွေးနွေးခြင်း၊၀န်ကြီးဌာန အသီးသီးသို့ သဘောထားမှတ်ချက်တောင်းခြင်း၊ လိုအပ်သလိုပြန်လည်ပြင်ဆင်ခြင်းများ ဆောင်ရွက် ပြီးFinal Version အဖြစ် ပြုစုပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံချက်တွင်ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊တုံ့ပြန်ခြင်း၊ သတင်းအချက်အလက် စီမံခန့်ခွဲခြင်း၊ အရင်းအမြစ်များနှင့်ရန်ပုံငွေများ ပြန်လည်ထူထောင်ရေးအဆင့်သို့ကူးပြောင်းခြင်း စသည့် လုပ်ငန်းများဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များကို ဖော်ပြထားကြောင်းဒုတိယသမ္မတက ပြောဆိုသည်။
ထို့ကြောင့် ယနေ့အခမ်းအနားတွင် အတည်ပြုဖြန့်ချိသည့် အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်း စီမံချက်ကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၊တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သည့် အဖွဲ့အစည်းများအနေဖြင့် သေချာစွာ လေ့လာဖတ်ရှုပြီးလိုအပ်သလို ရည်ညွှန်းအကောင်အထည်ဖော်ရန် အရေးကြီးကြောင်း ၎င်းက ပြောဆိုသည်။
သို့မှသာ ပြည်သူများအနေဖြင့်ငလျင်ဘေးကြောင့် အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးရပ်တန့်စေနိုင်မည့်အခြေအနေများကိုလျော့နည်းစေနိုင်မည်ဖြစ်ကြောင်း ဒုတိယသမ္မတက ပြောကြားခဲ့သည်။
သတင်း - မင်းမင်းထွန်း






0 comments:
Post a Comment