Tuesday, August 6, 2019

ဟောင်းနွမ်းငွေစက္ကူများ လည်ပတ်မှုမရှိရန် ဗဟိုဘဏ်ညွှန်ကြား

နိုင်ငံသုံးငွေကြေးအပေါ် ယုံကြည်မှုကျဆင်းစေသောကြောင့် ဟောင်းနွမ်း ငွေစက္ကူများ ဈေးကွက်အတွင်း လည်ပတ်သုံးစွဲခြင်းမလုပ်ရန်နှင့် လာရောက်အပ်နှံရန်လိုအပ်ကြောင်း နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွန်ကြားချက်ထုတ်ပြန်သည်။
ဗဟိုဘဏ်အနေနှင့် ဟောင်းနွမ်းငွေစက္ကူ ပြန်လည်အပ်နှံခြင်းကို ၂၀၁၈ ခုနှစ် ဇွန်လ ၂၈ ရက် ငွေကြေးညွန်ကြားလွှာအမှတ် ၁/၂၀၁၈ နောက်ပိုင်း ယခု ပြန်လည်ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များအနေနှင့် အများပြည်သူကို ပြန်လည် ထုတ်ပေးသည့်ငွေများတွင် သုံးစွဲရန် မသင့်လျော်သည့်ငွေများ ပါဝင်မှုမရှိစေရန်နှင့် ကောင်းမွန်သည့်ငွေများ ထုတ်ပေးရန် ညွှန်ကြားထားကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

ထိုကဲ့သို့ ညွှန်ကြားချက်ရှိသော်လည်း ပုဂ္ဂလိကဘဏ်အချို့မှ ဝန်ထမ်းများကမူ ဟောင်းနွမ်းငွေစက္ကူများကို သီးခြားလဲမပေးသည့်အပြင် ဘဏ်အပ်ငွေ၌ တစ်ရွက်တလေ ပါရှိသွားခြင်းကိုပင် လက်မခံခြင်းများရှိကြောင်း ဘဏ်ဝန်ဆောင်မှု သုံးစွဲသူများက ဝေဖန်ပြောကြားသည်။

“ဟောင်းနွမ်းငွေစက္ကူတွေ သီးသန့်ငွေလဲပေးတဲ့ ကောင်တာတော့မရှိဘူး။ တကယ်လို့ ဘဏ်မှာလာအပ်ရင်း ငွေအဟောင်းတွေ ပါလာရင်တော့ ဘဏ်ကယူထားပြီး ဗဟိုဘဏ်မှာ လဲတာမျိုးတော့ရှိတယ်။ မြန်မာနိုင်ငံမှာဆိုရင် တစ်နိုင်ငံလုံး ငွေစက္ကူလဲနိုင်တဲ့ အစိုးရပိုင် ဘဏ်ပေါင်း ၃၀၀ ကျော်လောက်မှာတော့ ငွေအစုတ်အပြဲတွေကို လဲပေးတယ်”ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က ရှင်းပြသည်။

ဟောင်းနွမ်းငွေစက္ကူ သုံးစွဲမှုကြောင့် နိုင်ငံတော်၏ ထုတ်ဝေသည့်ဘဏ် ပုံရိပ်ထိခိုက်မှုနှင့် မိမိနိုင်ငံသုံးငွေကြေးအပေါ် ယုံကြည်မှုကျဆင်းစေနိုင်သောကြောင့် အဆိုပါငွေများမပါဝင်စေရန် စိစစ်ထုတ်ဝေဆောင်ရွက်ရန် ဗဟိုဘဏ်က ညွန်ကြားချက် ထုတ်ပြန်ထားသည်။

ပြည့်ဖြိုးမြင့်မွန်
The Voice

0 comments:

Post a Comment