ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအား ခေတ်ကာလနှင့်လျော်ညီသောစရိတ်၊ ချီးမြှင့်ငွေတိုးမြှင့်ပေးရန် လက်တလောတွင် အစီအစဉ်မရှိသေးကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးတင်မြင့်က ပြောသည်။
သြဂုတ်လ ၁၄ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒသမနေ့)တွင် ၎င်းက ယင်းကဲ့သို့ ပြောခြင်းဖြစ်သည်။
“ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ လစဉ်ချီးမြှင့်ထောက်ပံ့ငွေကို နိုင်ငံတော်ရဲ့ဘဏ္ဍာရံပုံငွေ အခြေအနေ၊ ခေတ်ကာလအခြေအနေ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းသဘောသဘာဝ အခြေအနေ၊ နယ်မြေဒေသန္တရအခြေအနေရပ်တို့အား လွှမ်းခြုံထည့်သွင်းစဉ်းစားပြီးတော့မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံတော်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးမူဝါဒနဲ့အညီ သတ်မှတ်ခွင့်ပြုပေးအပ်ခဲ့ခြင်းဖြစ်ပါကြောင်းနဲ့ လက်တလောအခြေအနေမှာတော့ တိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း လေးစားစွာဖြင့် ဖြေကြားအပ်ပါတယ်ခင်ဗျာ” ဟု ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးတင်မြင့်က ပြောသည်။
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်၏ ပြည်ထောင်စုတစ်ဝန်းလုံးရှိ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ခေတ်ကာလနှင့်လျော်ညီသော စရိတ်၊ ချီးမြှင့်ငွေတိုးမြှင့်ပေး ရန် အစီအစဉ်ရှိမရှိနှင့် စပ်လျဉ်းသည့်မေးခွန်းအပေါ် ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
လက်ရှိတွင် နိုင်ငံတစ်ဝန်းလုံး၌ ရပ်ကွက်ကျေးရွာအုပ်စုပေါင်း ၁၇၀၃၀ ရှိပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ၁၆၁၆၅ ဦးခန့်ထားကြောင်း သိရသည်။
ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးလျှင် ချီးမြှင့်ထောက်ပံ့ငွေ လစဉ်ခုနှစ်သောင်းကျပ်ဖြင့် ချီးမြှင့်ပေးကာ တစ်လကုန်ကျငွေတွက်ချက်ပါက ကျပ် ၁၁၉၂.၁၀ သန်းကုန်ကျမည်ဖြစ်၍ တစ်နှစ်လျှင် ကျပ် ၁၄၃၀၅.၂၀ သန်းကုန်ကျမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးဦးတင်မြင့် ပြောပြချက်အရသိရသည်။
ယင်းအပြင် ရုံးသုံးစရိတ်အဖြစ် တစ်ရုံးလျှင် တစ်လငါးသောင်းကျပ်ဖြင့် ထုတ်ပေးလျက်ရှိပြီး တစ်လကုန်ကျငွေ တွက်ချက်ပါက ကျပ် ၈၅၁.၅ သန်းကုန်ကျမည်ဖြစ်ကြောင်းနှင့် ချီးမြှင့်ထောက်ပံ့ငွေနှင့် ရုံးသုံးစရိတ်စုစုပေါင်း တစ်လလျှင် ကျပ် ၂၀၄၃.၆၀ သန်းကုန်ကျမည်ဖြစ်ပြီး တစ်နှစ်လျှင် ကျပ်သန်းပေါင်း ၂၄၅၂၃.၂ သန်းကုန်ကျ မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ရပ်ကွက်ကျေးရွာအုပ်စု ရုံးတစ်ရုံးအနေဖြင့် တွက်ချက်လျှင် အုပ်ချုပ်ရေးမှူးတစ်ဦးအတွက် ချီးမြှင့်ထောက်ပံ့ငွေ နှင့် ရုံးသုံးစရိတ်နှစ်ရပ်ပေါင်း တစ်လလျှင် တစ်သိန်းနှစ်သောင်းကျပ်ဖြင့်ပေးအပ်လျက်ရှိရာ တစ်နှစ်လျှင် ကျပ် ၁.၄၄ သန်းဖြစ်ကြောင်း သိရသည်။
နိုင်မင်းလွင် ( အကုန်သိ သတင်းဌာန )






0 comments:
Post a Comment