မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေတဲ့ ရေဘေးသင့် ကျေးရွာတွေမှာ ဒေသခံပြည်သူတွေ နေအိမ်တွေ ပြန်ဆောက်ဖို့နဲ့ စားဝတ်နေရေးအတွက် အကူအညီ လိုအပ်နေပါတယ်။
ရေကြီးစဉ်က ကယ်ဆယ်ရေးစခန်းတွေကို မိသားစုအလိုက် မသွားရောက်နိုင်ခဲ့ပေမယ့် နီးစပ်ရာဆွေမျိုးတွေဆီ သွားရောက်ခိုလှုံခဲ့ရသူတွေဟာလည်း နေအိမ်က ပစ္စည်းတွေ ဆုံးရှုံးမှုတွေ ရှိနေသလို စားဝတ်နေရေးအတွက် အကူညီတွေ လိုအပ်နေဆဲပဲလို့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
ကိုးမိုင်ကျေးရွာဒေသခံ ဦးလှိုင်ဘွားက ပရဟိတအဖွဲ့တွေ လာရောက်လှူဒါန်းတဲ့အတွက် လက်တလော အဆင်ပြေသွားပေမယ့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေတဲ့ ရွာတွေမှာတော့ အကူညီ လိုအပ်နေတယ်လို့ ပြောပါတယ်။
ရေဘေးသင့်ပြည်သူတွေဆီကို အနယ်နယ်အရပ်ရပ်က လာရောက် လှူဒါန်းတာတွေရှိနေလို့ ယာယီကယ်ဆယ်ရေးစခန်းမှာခိုလှုံနေတဲ့ ရေဘေးသင့်ပြည်သူတွေကတော့ လတ်တလော အဆင်ပြေနေပါတယ်။
ရေး-ထားဝယ်ရထားလမ်းကတော့ တောင်ပြိုမှုတွေ မရှင်းလင်းနိုင်သေးလို့ ခရီးစဉ်တွေ ပိတ်ထားဆဲဖြစ်သလို ရေး၊ မော်လမြိုင်၊ ရန်ကုန် ရထားခရီးစဉ်ကို လာမယ့် သြဂုတ် ၁၅ ရက်နေ့ အချိန်မီ ပြန်လည်ပြေးဆွဲမယ်လို့ ရေးမြို့ရထားရုံပိုင်တာဝန်ခံ ဦးမောင်မောင်မြင့် က ပြောပါတယ်။
ရေးမြို့မှာ ရေကပြန်လည်ကျဆင်းသွားပေမယ့် ရေဘေးသင့်စာသင်ကျောင်းတွေ၊ နေအိမ်တွေ ပျက်စီး ရေထဲမျောပါတာအများပြားရှိခဲ့လို့ ပြန်လည်ထူရေးလုပ်ငန်းတွေလုပ်ဖို့လည်း အကူအညီတွေ လိုအပ်နေပါတယ်။
သတင်း- နေမျိုးထွဋ်
DVB






0 comments:
Post a Comment