သပိတ်ကျင်းမြို့နယ်ထဲမှာ ပြည်ထဲရေးအမည်ပေါက် ချောင်းကြီးကျေးရွာမြေပေါ် လုပ် ကိုင်နေတဲ့ ကုမ္ပဏီတွေရဲ့ ရွှေလုပ်ကွက်တွေကို အမြန်ဆုံး ဖယ်ရှားပေးဖို့ ဒေသခံရွာသားတွေက ဩဂုတ် ၁၃ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ဦးမောင်ကြီးက “ချောင်းကြီးကျေးရွာဟာ ၂၀၁၁ခုနှစ်က စပြီး ပြည်ထဲရေးအမည်ပေါက် ကျေးရွာဖြစ်ခဲ့တယ်။ ၂၀၁၂ ခုနှစ်နောက်ပိုင်း ရွာမြေပေါ်မှာ ရွှေကုမ္ပဏီ တွေကို ချထားပေးခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ နစ်နာမှုတွေ ရှိခဲ့တဲ့အတွက် ဆန္ဒ ထုတ်ဖော်ရတာဖြစ်တယ်”လို့ ဆိုပါတယ်။
ချောင်းကြီးကျေးရွာအတွင်း လက်ရှိလုပ်ကိုင်နေတဲ့ ကုမ္ပဏီနှစ်ခုဟာ သက်တမ်းကုန်ဆုံးတဲ့ အတွက် လုပ်ကွက်တွေ ခေတ္တရပ်နားထားပြီး ထပ်မံသက်တမ်းတိုးပေးဖို့ အောက်ခြေအုပ်ချုပ်ရေးမှူး တွေထံ တောင်းဆိုနေတယ်လို့ သိရပါတယ်။
ချောင်းကြီးကျေးရွာ ဒေသခံ ရွှေလုပ်သား ဦးဖုန်းမြင့်နိုင်က “တာဝန်ရှိသူတွေအနေနဲ့ ရွှေလုပ်ကွက်နေရာချထားပေးရာမှာ ဒေသခံတွေရဲ့ ဆန္ဒ သဘောထားကို လာရောက်တွေ့ဆုံ မေးမြန်းပြီးမှသာ ချထားပေးစေချင်တယ်”လို့ ပြောပါတယ်။
ချောင်းကြီးကျေးရွာ ဒေသခံ ဒေါ်နွယ် က “ကျေးရွာမြေပေါ်မှာ ရွှေလုပ်ကွက်တွေ ချထားပေးနေပြီး လုပ်ကွက်နဲ့ မလွတ်ကင်းတဲ့ နေရာတွေမှာ ဝင်ရောက်လုပ်ကိုင်တယ်ဆိုပြီး ရွှေ ကုမ္ပဏီ တွေဘက်က ကျေးရွာဒေသခံတွေကို တရားစွဲ ဆို မှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ ကုမ္ပဏီ တွေကိုပဲ အသေးစားလုပ်ကွက်ခေါင်းစဉ်နဲ့ ဧကနှစ်ဆယ် လုပ်ကွက်တွေ ချထားပေးတာကြောင့် ဒေသခံတွေ အနေနဲ့ တပိုင်တနိုင် လုပ်ကိုင်ခွင့်တောင် မရတော့ပဲ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာကြတယ်”လို့ ပြောပါတယ်။
ဆန္ဒထုတ်ဖော်ရာမှာ သတ္ထုတွင်း ဥပဒေ ကို မလိုက်နာတဲ့ လုပ်ငန်းရှင်တွေကို အရေးယူပေးရေး၊ပြည်ထဲရေး အမိန့်ကို ဆန့်ကျင်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို အရေးယူပေးရေး၊ ရွာမြေပေါ်ကျူးကျော်နေတဲ့ ရွှေလုပ်ကွက်တွေ ဖယ်ရှားပေးရေး၊ တရားဥပဒေစိုးမိုးရေး စတဲ့ တောင်းဆိုချက်တွေကို ချောင်းကြီးကျေးရွာရှိ မေတ္တာတံခွန် ရွှေမိုင်းတွင်း အခြေခံ အလုပ်သမား အဖွဲ့ရုံးရှေ့မှာ လူအင်အား ၁၅၀ လောက်နဲ့ ဆန္ဒ ထုတ်ဖော်တောင်းဆိုကြတာ ဖြစ်ပါတယ်။
သတင်း- ထိန်ထိန်လင်း
DVB






0 comments:
Post a Comment