Wednesday, August 14, 2019

သန်လျင်တွင် စက်မှုဇုန် တည်ထောင်ရန် တိုင်းအစိုးရထံ လာရောက်ဆွေးနွေး

သန်လျင်မြို့နယ်ရှိ မြေဧက ၄၀၀ ပေါ်တွင် စက်မှုဇုန် တည်ထောင်ရေးကို ပြည်တွင်းကုမ္ပဏီ ၂ ခုနှင့် တရုတ်ကုမ္ပဏီများ ပူးပေါင်းလုပ်ကိုင်ရန်အတွက် ရန်ကုန်တိုင်ဒေသကြီးအစိုးရထံ လာရောက်ဆွေးနွေး ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး ကပြောသည်။

ယခုလ ၁၃ ရက်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။
"တာမိုးညဲအုပ်စုက သန်လျင်စက်မှုဇုန်ကို စိတ်ဝင်စားနေတယ်။ သူက ပြည်တွင်းမိတ်ဖက်ကုမ္ပဏီ အနေနဲ့ အကောင်အ ထည်ဖော်မယ်။ အခုလောလောဆယ် သန်လျင်စက်မှုဇုန်ကို စိတ်ဝင်စားတဲ့ လုပ်ငန်းရှင် ၄ ဦးရှိတယ်။ကျွန်မတို့ရဲ့ Format တွေ ပြောပြ လိုက်တဲ့အခါ ၂ ဦးလောက်ပဲ သေသေချာချာ ပြန်လာတင်တယ်"ဟု ၎င်းကပြောသည်။
ယင်းနေရာတွင် စက်မှုဇုန် တည်ထောင်ရန်အတွက် ပြည်တွင်းကုမ္ပဏီများဖြစ်သည့် တာမိုးညဲ အုပ်စုနှင့် ရွှေပိုင်ထိုက်ကုမ္ပဏီတို့က တရုတ်ကုမ္ပဏီနှင့် မိတ်ဖက်ဆောင် ရွက်ရန် လာရောက် လျှောက်ထားခဲ့ခြင်းဖြစ်သည်။
၎င်းတို့၏ ငွေကြေးအင်အား နှင့် မည်ကဲ့သို့ အမြန်ဆုံး အကောင်အထည်ဖော်မည်ဟူသောကိစ္စရပ်များကို တိုင်းအစိုးရသို့ လာရောက်တင်ပြဆွေးနွေးကြသည် ဟုဆိုသည်။
"ရွှေပိုင်ထက်ကုမ္ပဏီက သူခေါ်လာမယ့် နိုင်ငံခြားကုမ္ပဏီက တရုတ်ပြည်ကပဲ သူတို့က Luxury ပစ္စည်းတွေ မွေ့ရာတို့ကိုလဲ တစ်နှစ်ကို ကွန်တိန်နာအလုံးပေါင်း ၇၀၀၀၀ ထုတ်နေတဲ့ကုမ္ပဏီ သူက ဧက ၄၀၀ လောက်ဆိုပြီး သိထားတယ်။"ဟု ၎င်းကဆိုသည်။
လက်ရှိတွင် အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းနေဆဲ အဆင့်သာရှိပြီး မည်သည့်နေရာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ကို မသတ်မှတ်ရသေးကြောင်း ၎င်းကဆိုသည်။
ယင်းစီမံကိန်းကို နိုင်ငံတော်အကြီးအကဲများနှင့် ပညာရှင်များ၏ လမ်းညွှန်ချက်ရယူ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

The Fifth Wave News

0 comments:

Post a Comment