
ရှစ်လေးလုံးသမိုင်းပြတိုက်ကို အစိုးရကနေ ဦးစီးတာဝန်ယူသင့်တယ်လို့ ၈၈- မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက မင်းကိုနိုင်က ပြောပါတယ်။ (၂၀၁၄) နှစ်ကစပြီး သင်္ကန်းကျွန်းမြို့နယ် ၈၈-မျိုးဆက် ရုံးခန်းအနီး ဖွင့်ထားတဲ့ ရှစ်လေးလုံးသမိုင်းပြခန်းကို အခန်းခဆက်ပေးဖို့အခက်အခဲရှိတဲ့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လမှာ ပိတ်သိမ်းလိုက်ရပြီးတဲ့နောက် သူက အခုလိုပြောခဲ့တာဖြစ်ပါတယ်။
ဒီပြခန်းကို လူအသွားအလာလွယ်ကူတဲ့ ရန်ကုန်မြို့လယ်က အတွင်းဝန်များရုံးဟောင်းမှာဖွင့်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပေမယ့် အခုချိန်အထိတော့ ညှိနှိုင်းမှုတွေဟာ မပြီးပြတ်သေးဘူးလို့ ဆိုပါတယ်။ အစိုးရဘက်က တာဝန်ယူပေးဖို့ တိုက်တွန်းရတာဟာ ဘဏ္ဍရေးအခက်အခဲတင်မကပဲ လုံခြုံရေးအခက်အခဲပါ ရှိနေတဲ့အတွက်ဖြစ်တယ်လို့ မင်းကိုနိုင် ကပြောပါတယ်။
လောလောဆယ်မှာ ပြခန်းကပစ္စည်းတွေကို လုံခြုံတဲ့နေရာမှာ သိမ်းဆည်းထားပြီး ပြခန်းသစ်ကို ဘယ်အချိန်၊ ဘယ်နေရာမှာ ပြန်ဖွင့်နိုင်မလဲဆိုတာ မသိရသေးပါဘူး။ အဲဒီအကြောင်းအပါအ၀င် ရှစ်လေးလုံး (၃၁)နှစ်ပြည့် အခြေအနေတွေကို ဆွေးနွေးဖို့အတွက် သြဂုတ်(၈)ရက်ကျရင် ရန်ကုန်မြို့တော်ခန်းမရှေ့က မဟာဗန္ဓုလ ပန်းခြံမှာ ဆွေးနွေးပွဲတစ်ရပ် ကျင်းပဖို့ရှိနေတယ်လို့ သိရပါတယ်။








0 comments:
Post a Comment