ပြည်သူများ၏ တုံ့ပြန်မှု၊ တောင်းဆိုမှုများကို အထူးဂရုပြုဆောင်ရွက်သွားရန်လိုအပ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။
လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ သြဂုတ်လ ၇ ရက်ကကျင်းပသည့် လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနေမှုနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်းတိုးတက်သုံးစွဲနိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါအတိုင်းပြောကြားလိုက်ခြင်း ဖြစ်သည်။
“ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဟာ ပြည်သူနဲ့အဓိကထိတွေ့ဆက်ဆံရတဲ့ဌာနဖြစ်တဲ့တွက် တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ် အင်ဂျင်နီယာများနဲ့ တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ ရုံးများဟာ ဝန်ဆောင်မှုကောင်းဖို့လိုအပ်ပါတယ်။ ပြည်သူတွေရဲ့ တုံ့ပြန်မှု၊ တောင်းဆိုမှုများကို အထူးဂရုပြု ဆောင်ရွက်သွားဖို့လည်းလိုအပ်ပါတယ်။ အထူးသဖြင့် တင်ဒါလုပ်ငန်းဆောင်ရွက်မှုများတွင်လည်း လုပ်ထုံးလုပ်နည်းနှင့်အညီစနစ်တကျ မှန်မှန်ကန်ကန် ဖြစ်စေရေးဆောင်ရွက်သွားရန်ဖို့နဲ့ ပြည်သူလူထုရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုများအပေါ်ပေးရတဲ့ အခကြေးငွေနဲ့ ထိုက်တန်တဲ့ဝန်ဆောင်မှုမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။
၂၀၁၆ ခုနှစ်တွင် လျှပ်စစ်မီးသုံးစွဲသူ ၃၄ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ယခုအခါ ၄၅ ရာခိုင်နှုန်းအထိ တိုးတက်စေရန် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ မီးသုံးစွဲနိုင်မှု ၅၀ ရာခိုင်နှုန်းပြည့်မီစေရေး စီမံဆောင်ရွက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလှိုင်လမှစတင်ကာ လျှပ်စစ်မီတာခများကိုတိုးမြှင့်ကောက်ခံခဲ့ပြီး အိမ်သုံးယူနစ်အလွှာ၊ စီးပွားရေးလုပ်ငန်သုံးယူနစ်အလွှာ စသည်ဖြင့် ဈေးနှုန်းကွာခြားကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။
ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )






0 comments:
Post a Comment