Thursday, August 15, 2019

အိန္ဒိယတွင် ရေကြီး မြေပြိုမှုကြောင့် သေဆုံးသူ ၂၇၀ ကျော်ရှိ၊ ၁ သန်းကျော် ရွှေ့ပြောင်း

အိန္ဒိယနိုင်ငံအတွင်း ဒီလထဲမှာ ရေကြီးမြေပြိုမှုတွေကြောင့် လူအယောက် ၂၇၀ ကျော် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက သြဂုတ် ၁၄ ရက်မှာ ပြောပါတယ်။

မုတ်သုံမိုးက သီတင်းနှစ်ပတ်ကြာ သည်းကြီးမည်းကြီး ရွာခဲ့လို့ ပြည်နယ် ၆ ခုမှာ အိမ်ခြေထောင်ချီ ပျက်စီးပြီး လူတသန်းကျော် ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရပါတယ်။
ကဲရာလာ၊ ကာနာတာကာ၊ မဟာရတ်ရှ်တျာနဲ့ ဂူဂျာရတ် ပြည်နယ်တွေဟာ ရေဘေးအဆိုးဆုံး သင့်ခဲ့တဲ့ ပြည်နယ်တွေပါ။
နွေစပါး စိုက်ပျိုးမြေ ဟက်တာထောင်ချီ ပျက်စီးခဲ့ပြီး ကားလမ်းတွေ မီးရထားလမ်းတွေပါ ပျက်စီးခဲ့ပါတယ်။
ကဲရာလာပြည်နယ်မှာ အရင်အပတ်က အကြိမ်ရေ ဒါဇင်ချီ မြေပြိုလို့ လူ ၁၀၅ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၅၀ ကျော် ပျောက်ဆုံးနေပါတယ်။
ပြည်နယ်အတွင်း ကယ်ဆယ်ရေးစခန်းတွေထဲမှာ လူ ၁ သိန်း ၉ သောင်းကျော် နေနေဆဲလို့ ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။
သြဒိရှနဲ့ အန်ဒရာပရာဒေ့ရှ် ပြည်နယ်တွေက ဆည်တွေကနေ ရေတွေလွှတ်ချခဲ့လို့ ရေလွှမ်းပြီးသား ပြည်နယ်ထဲမှာ အမြင့်ဆုံး စိုးရိမ်ရေမှတ်ကို ရောက်လုနီးပါး ဖြစ်နေပါတယ်။
မဒ်ယာပရာဒေ့ရှ် ပြည်နယ်ထဲမှာ မိုးကြောင့် လူ ၃၂ ယောက်သေဆုံးပြီး ကောက်ပဲသီးနှံတွေ ပျက်စီးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဂူဂျာရတ်ပြည်နယ်မှာ မိုးကြီးမှုကြောင့် လူ ၃၁ ယောက် သေဆုံးပြီး ဥတ္တရာခန်း ပြည်နယ်ထဲမှာ မြေပြိုတာတွေကြောင့် လူတဒါဇင်နီးပါး သေဆုံးပါတယ်။
ကာနာတာကာ၊ မဟာရတ်ရှ်တျာနဲ့ ဂူဂျာရတ် ပြည်နယ်တွေအပြင် နိုင်ငံအလယ်ပိုင်းက မဒ်ယာ ပရာဒေ့ရှ် ပြည်နယ်မှာပါ လာမယ့် ၂ ရက်အတွင်း မိုးသည်းကြီးမည်းကြီး ရွာမယ်လို့ မျှော်လင့်ကြောင်း မိုးလေဝသ အရာရှိတွေက ပြောထားပါတယ်။
DVB

0 comments:

Post a Comment