ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာ ရပ်တန့်ထားတဲ့ ပိုင်ရှင်မဲ့ မော်တော်ယာဉ် တစီးအတွင်းက စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ နီးပါး ဖမ်းဆီးရမိခဲ့ပါတယ်။
သြဂုတ် ၁၄ ရက်က တောင်ငူမြို့၊ (၉)ရပ်ကွက်၊ ပန်းချီတံခါးလမ်းနဲ့ ကျုံးအပြင် ကန်ပတ်လမ်းထောင့် အမှိုက်ပုံအနီးမှာ ရပ်တန့်ထားတဲ့ မော်တော်ယာဉ်တစ်စီးဟာ ပိုင်ရှင်မရှိဘဲ ရပ်တန့်ထားတာကို မသင်္ကာဖွယ်ရာတွေ့ရှိရကြောင်း ဆိုင်ကယ်ကယ်ရီမောင်းသူတဦးက တောင်ငူမြို့မရဲစခန်းကို ဖုန်းဆက် အကြောင်းကြားခဲ့ရာက ဖမ်းဆီးရမိခဲ့တာပါ။
တောင်ငူခရိုင် ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက “ကျနော်တို့ သတင်းရလို့သွားကြည့်တော့ ကားကိုမသင်္ကာဖွယ်ရာတွေ့ရတယ်။ အဲ့ဒါကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြား ပြီးတော့ ကားကို စစ်ဆေးရှာဖွေတယ်။ ကားနောက်ခန်းထဲက ဆေးထိုးအပ်အသေးလေး တချောင်းတွေ့တယ်။ ကားနောက်ဖုံးထဲကတော့ မူးယစ်ဆေးဝါးလို့ယူဆရတဲ့ တိပ်အဝါပတ်ထားတဲ့ အထုပ်နှစ်တောင့်တွေ့တယ်။ အပြားနှစ်သောင်း လောက်တော့ရှိမယ်။ လောလောဆယ်တော့ တရားခံမမိသေးပါဘူး။ နံပါတ်ပြားတွေကလည်း အများကြီးဆိုတော့ ဘယ်ဟာအမှန်လည်း လိုင်စင်မဲ့ပဲလားဆိုတာတော့ သက်ဆိုင်ရာ ကညန ဆီ လှမ်းပြီး စစ်ဆေးခိုင်းပြီးမှ သိရမှာပဲ။ လောလောဆယ်တော့ ဒီကားကိုဘယ်သူတွေမောင်းလာပြီး ဒီနေရာမှာလာထားသွားလည်း ဘယ်ကို ဘာနဲ့ပြန်ထွက်သွားလည်းဆိုတာတွေကိုတော့ အနီးနားက CCTV မှတ်တမ်းတွေမှာ လိုက်လံရှာဖွေ နေတယ်”လို့ ပြောပါတယ်။
တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာမှာတော့ YGN-1D/… နံပါတ်ပြားတပ်ဆင်ထားတဲ့ တိုယိုတာအမျိုးအစား အဖြူရောင် Mark II Tourer ကို သော့မပါဘဲ တွေ့ရှိရပြီး သက်သေတွေနဲ့ ကားကို ရှာဖွေရာ ကားနောက်ဖုံးအတွင်းကနေ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၉၅၈၂)ပြားနဲ့အတူ ကားနံပါတ်ပြား ၇ ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။
အခုလို မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့တာကြောင့် တောင်ငူမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(က) နဲ့ အမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းနေပါတယ်။
သတင်း-သားကြီး
DVB






0 comments:
Post a Comment