Tuesday, August 6, 2019

၂၀၁၉ ခုနှစ်မကုန်မီ ချောင်းသာကမ်းခြေတွင် လျှပ်စစ်မီးများ ရရှိမည်ဖြစ်ကြောင်း သိရ

၂၀၁၉ ခုနှစ်မကုန်မီ ချောင်းသာကမ်းခြေ၊ ရွှေသောင်ယံကမ်းခြေများတွင် လျှပ်စစ်မီးများ ရရှိနိုင်ရန် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများ ဓာတ်အားလိုင်းသွယ်တန်းခြင်းများကို လုပ်ဆောင်နေလျက်ရှိသည်။

ချောင်းသာကမ်းခြေ လျှပ်စစ်မီးရရှိရေးအတွက် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ငွေဆောင်ကမ်းခြေမှ ချောင်းသာကမ်းခြေသို့ လျှပ်စစ်မီးများ သွယ်တန်းခြင်းလုပ်ကို လုပ်ဆောင်နေလျက်ရှိကြောင်း၊ ဓာတ်အားလိုင်းများ ဖြတ်သန်းသွားမည့်လမ်းကြောင်းများကို ကွင်းဆင်းရှာဖွေနေလျက်ရှိပြီး ဓာတ်အားလိုင်း ဖြတ်သန်းသွားမည့်လမ်းကြောင်းတွင်ပါဝင်သည့် လယ်ယာများ ဥယျာဉ်ခြံမြေအား မြေယာနစ်နာကြေးများ ညှိနှိုင်းဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

“အဓိက ကတော့ ကျွန်တော်တို့ ၁၈- ၁၉ ဘတ်ဂျက်မှာ ပါပြီးသားပဲ။ ချောင်းသာ 66 KV ခွဲရုံပေါ့နော်။ ဒါကလည်း အတော်လေးပြီးနေပါပြီ။ ကျွန်တော်တို့ ဟိုရက်က သွားပြီးစစ်ဖြစ်တယ်လေ။ ပြီးလို့ရှိရင် ငွေဆောင်က  66 KV လိုင်းကို ယူရမယ်။ ဒါကို အားချင်းဆောင်ရွက်ဖို့လုပ်နေပြီ။ သွယ်တန်းမဲ့လမ်းကြောင်းရှင်းတဲ့ကိစ္စတွေ အောက်ခြေမှာ လုပ်နေပြီ။ အမြန်ပြီးအောင်လုပ်ဖို့ကို၊ ကျွန်တော်တို့ကတော့ ၁၈ - ၁၉ ဘတ်ဂျက်အကုန် အပြီးဆိုရင် မီးလင်းအောင် ကျန်တဲ့ မြို့တွင်းတို့ ရွှေသောင်ယံတို့ ဘာတို့ ဒါတွေက 11 KV လိုင်းတွေက တော်တော်များများ လုပ်ပြီးတာရှိပါတယ်၊ အဲဒီလို  66 KV ခွဲရုံ ပြီးသွားမယ်။ မီးရောက်ပြီဆိုရင် မီးဆက်ပေးဖို့ ရှိတာပေါ့နော်။ အဲဒါဆိုရင် ဟိုတယ်ဇုံတွေရော၊ မီးရသွားမှာပေါ့နော်။ ငွေဆောင်ထိက မီးကရနေပြီ။ ၁၈-၁၉ ဘတ်ဂျက်မှာ ဒါအပြီးလုပ်ရမှာပေါ့။ အခုနှစ်မကုန်ခင်တော့ ပြီးအောင်လုပ်ရမယ်။ အဲဒါတော့ ကျွန်တော်လည်း ကြပ်ကြပ်မတ်မတ်ပြောထားပါတယ်။ ဓာတ်အားလိုင်းဖြတ်သန်းသွားမယ့်နေရာ တစ်လျှောက်အတွက်မှာတော့ တော်တော်များများက ကွင်းဆင်းပြီးပြီ။ တောင်သူတွေနဲ့ အဆင်ပြေပါတယ်။ မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီးတော့ ကျန်ကော်မတီတွေနဲ့ သွယ်တန်းမဲ့လမ်းကြောင်း ဆင်းစစ်နေတယ်” ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း နာမည်ကျော်ကမ်းခြေများဖြစ်သည့် ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေများမှာ စတင်ဖွင့်လှစ်သည်မှ ယနေ့အချိန်အထိ လျှပ်စစ်မီးများ မရရှိသေးဘဲ ငွေဆောင်ကမ်းခြေတွင်မူ လျှပ်စစ်မီးသွယ်တန်းရောက်ရှိနေပြီဖြစ်သော်လည်း မြေယာသိမ်းဆည်းမှု ပြဿနာများကြောင့် ဒေသခံများ၏ ကန့်ကွက်မှုအရ ဟိုတယ်ဇုန်အချို့မှာ လျှပ်စစ်မီးသွယ်တန်း အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment