
မိုးဇလ၏ သြဂုတ် ၆ ရက်၊ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းသို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ် (Depression) သည် အိန္ဒိယနိုင်ငံ၊ ဒီဂါမြို့(Digha)၏ တောင်-အရှေ့တောင်ဘက် မိုင်(၇၀) ခန့်နှင့် ဘလာဆောမြို့ (Blasore)၏ အရှေ့တောင်ဘက် (၈၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျား မည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၂၀.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၀)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား (၉၉၆) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅) မိုင်နှုန်း ဖြစ်ပါသည်။
အဆိုပါ မုန်တိုင်းငယ်(Depression)သည် နောက်(၂၄)နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။
မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက် ၍ မိုးကြီးခြင်းများနှင့်အတူလေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေ မှ (၁၅)ပေခန့်ရှိနိုင်ပါသည်။
သို့ဖြစ်ပါ၍ လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်း များဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူ များအနေဖြင့် မြေပြို မှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံ မှုများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
Credit - မိုးဇလ
The Ladies News






0 comments:
Post a Comment